မင်းပြားမြို့ကို စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဒေသခံသောင်းချီ ထွက်ပြေးနေရ၊ သေဆုံးဒဏ်ရာရသူများလည်း ရှိနေ
************************
မိခိုင်
နိုဝင်ဘာ ၁၈၊ ၂၀၂၃။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် ညနေပိုင်းကစတင်၍ ကျိန်းတောင်ထက်တွင်အခြေစိုက်ထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် မြို့ပေါ်သို့ပစ်ခတ်နေကြောင်းသိရသည်။
ယင်းကဲ့သို့ပစ်ခတ်နေသည့်အတွက် မြို့တွင်းသို့လက်နက်ကြီးကျရောက်ပြီး ဒေသခံ ၁ ဦး သေဆုံးသွားကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦးကပြောသည်။
” အလယ်ပိုင်းရပ်ကွက်ကို ညက လက်နက်ကြီးကျတယ်။ အဲဒီကအိမ်တွေမှာ လက်နက်ကြီးကျလို့ သေသွားတယ်လို့ သိရတယ်။ ဒဏ်ရာရတဲ့လူတွေလည်း ရှိတယ်။ ၁၀ ယောက်လောက်ရှိတယ်လို့ ပြောကြတယ်။ အတိအကျ တစ်ယောက်မှ မသိဘူး ” ဟု ၎င်းက ဆိုသည်။
ယင်းနောက် ယနေ့ နံနက် ၅ နာရီဝန်းကျင်ကစတင်၍ မင်းပြားမြို့ကဒေသခံတချို့ ဘေးလွတ်ရာသို့တိမ်းရှောင်နေကြရသည်ဟု ဒေသခံအမျိုးသမီး ၁ ဦးကဆိုသည်။
” မြို့ထဲကို ရည်ရွယ်ချက်ရှိရှိနဲ့ပစ်နေတာ။ ကျွန်မတို့မနေရဲလို့ ထွက်ပြေးနေရတယ်။ မိုးလင်းကတည်းက ပြေးလာတာ။ မြို့ထဲမှာ ၃ ပုံ ၁ ပုံလောက်တော့ ကျန်ခဲ့သေးတယ် “ဟု ပြောသည်။
လက်ရှိတွင် စစ်ကောင်စီက မင်းပြားမြို့အတွင်းသို့ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် အဆက်မပြတ်ပစ်ခတ်လျက်ရှိနေသည်ဟု သိရသည်။
ပေါက်တောမြို့နှင့်မင်းပြားမြို့တို့တွင် စစ်ကောင်စီတပ်က နေရာယူထားသည့်အတွက် ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရပြီး လတ် တလော ဒုက္ခသည်စုစုပေါင်း ၄၀,၀၀၀ ခန့်ရှိနေသည်ဟု ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရသိရသည်။
ပုံစာ – စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးသွားသောနေအိမ်အချို့။
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2503
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=6316