ကရင်နီစစ်ဆင်ရေးအတွင်း အရပ်သား ၅၀ ဦးမနည်းသေဆုံး
******************************
ယမင်းဖူးပွင့်အောင်
နိုဝင်ဘာ ၁၈ ၊ ၂၀၂၃ ။
စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲမှု၊ လက်နက်ကြီးပစ်မှုနှင့် စနိုက်ပါအပါအဝင် လက်နက်ငယ်များဖြင့် ပစ်ခတ်မှုတို့ကြောင့် လက်ရှိစစ်ဆင်ရေးအတွင်း ကရင်နီအရပ်သား ၅၀ ဦးမနည်းသေဆုံးထားသည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့နှင့်ဒေသခံများထံမှသိရသည်။
လွိုင်ကော်မြို့အပါအဝင် ကရင်နီပြည်နယ်ရှိ မြို့တချို့နှင့်စစ်ကောင်စီတပ်စခန်းများကို ကရင်နီတော်လှန်ရေးအင်အားစုများက ယခုလ နိုဝင်ဘာ ၁၁ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေရာ နေ့စဥ်တိုက်ပွဲများပြင်းထန်ဖြစ်ပွားနေသည်။
တိုက်ပွဲများအတွင်း၌ စစ်ကောင်စီက စစ်ရေးပစ်မှတ်များအပြင် အရပ်သားပစ်မှတ်များပါတိုက်ခိုက်နေသောကြောင့် ကလေး ၁၄ ဦးအပါအဝင် အရပ်သား ၅၀ ဦးထက်မနည်း သေဆုံးထားသည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့တည်ထောင်သူ ဦးဗညားက ပြောသည်။
” ကျွန်တော်တို့ရဲ့မှတ်တမ်းအရတော့ သေချာတာကတော့ မနေ့ကထိ အယောက် ၅၀ အောက်မနည်းဘူးပေါ့နော်။ တစ်နေ့က အထိတော့ ၄၆ ယောက်ဝန်းကျင်ရှိတယ်။ မနေ့ကလည်း ထပ်ပြီးသေဆုံးတဲ့သတင်းတွေရတယ်။ ၁၁.၁၁ စစ်ဆင်ရေးကနေ အခုချိန်ထိ အနည်းဆုံး ၅၀ လောက်က သေကြေပျက်စီးသွားပြီ “ဟု ဦးဗညားက ယနေ့နိုဝင်ဘာ ၁၈ ရက်နံနက်ပိုင်းတွင်ပြောသည်။
တိုက်ပွဲများအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများ ရှောင်တိမ်း၍ မရအောင် ပိတ်ဆို့မှုများပြုလုပ်နေသလို တိုက်ပွဲမဖြစ်သည့်ရပ်ကွက်များကို လည်း လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှ ဗုံးကြဲမှုများပြုလုပ်နေသည့်အပြင် စစ်ရှောင်သည့် ဒေသခံတချို့ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုများရှိနေသည်ဟု ဒေသခံများကပြောသည်။
ထို့ကြောင့် အရပ်သားပြည်သူများ သေဆုံးမှုများနေသည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူ ၇၀ ဦးကျော်ရှိနေပြီး ဆေးကုသရန် အခက်အခဲများလည်းရှိနေသည်ဟု ဦးဗညားက သံလွင်ခက်ကိုပြောသည်။
” လွိုင်ကော်ဆေးရုံကြီးမှာလည်း သွားရင်တော်တော်များများ ပြန်လွတ်တာများတယ်။ ပြင်ပ ဆေးရုံ၊ ဆေးခန်းကိုပဲ သွားခိုင်းကြတယ်။ ပြင်ပဆေးရုံ၊ဆေးခန်းသွားဖို့က ငွေကြေးစရိတ်ကကြီးတယ်။ အခုနောက်ပိုင်းမှာ ဆေးရုံ ၊ ဆေးခန်းအများစုကလည်း ပိတ်သွားကြပြီပေါ့နော် ။ ကုသလို့မရတဲ့ အခြေအနေမှာ ဒဏ်ရာတွေနဲ့ တခြားနေရာတွေ သွားတာရှိတယ် “ဟု ၎င်းကပြောသည် ။
ဆေးကုသရန်ခက်ခဲသည့် ဒဏ်ရာရပြည်သူများကို ကိုယ်ထူကိုယ်ထဆေးခန်းများ၌ ကုသပေးနေကြရသော်လည်း ဒဏ်ရာရ လူနာများ များနေသောကြောင့် ဆေးဝါးနှင့် ဆရာဝန်မလုံလောက်မှုများ စသည့်အခက်အခဲများနှင့်အဓိကကြုံနေရသည်ဟု သိရသည်။
လက်ရှိလွိုင်ကော်မြို့ပေါ်တိုက်ပွဲများကြောင့် အရေးပေါ် ထွက်ပြေးရှောင်တိမ်းသည့် စစ်ရှောင် ၄၀၀၀၀ ဝန်းကျင်ထိရှိနေပြီး နေစရာ၊ စားစရာ ၊ အဝတ်အထည်နှင့် ဆေးဝါးများ အဓိကလိုအပ်နေသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူများက ပြောသည်။
လွိုင်ကော်စစ်ဘေးရှောင်များကို လူမှုကူညီရေးအဖွဲ့များနှင့် တစ်ပိုင်တနိုင်သမားများက နီးစပ်ရာကူညီပေးနေကြပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကလည်း ၎င်းတို့ အခြေပြုရာ ဒေသများတွင် လာရောက်ခိုလှုံနိုင်ပြီး တတ်နိုင်သမျှ ကူညီပေးသွားမည်ဖြစ်သည်ဟု လွိုင်ကော် စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ဖိတ်ခေါ်သည့်စာ ထုတ်ပြန်ထားသည်။
***
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2486
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6300