KNLAနှင့် BPLA တို့မဟာမိတ်ပူးပေါင်းတပ်က ပဲခူးရှိစစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်
*****************************
သံလွင်ခက်
နိုဝင်ဘာ ၁၇ ၊ ၂၀၂၃ ။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု BPLAက ယနေ့တွင်သတင်းထုတ်ပြန်သည်။
ရွှေကျင်မြို့နယ် ကျူချောင်ရွာအနီးရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ ခမရ(၃၅၁)တပ်ရင်း အခြေစိုက်ရာ တောင်ခြေရင်းစခန်းတစ်ခုကို ယနေ့နံနက်ပိုင်းတွင် ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်သည်။
အဆိုပါတိုက်ခိုက်မှုအတွင်း မိနစ်(၂၀)ကြာ အပြန်အလှန်ပစ်ခတ်ပြီးချိန်တွင် အထိနာသွားသော ရန်သူ့တပ်ဖွဲ့ဝင်များအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားခဲ့သည်ဟု BPLA ကဖော်ပြထားသည် ။
ထိုတိုက်ပွဲ၌ ထိခိုက်သေဆုံးမှုအခြေအနေကို အတိအကျမသိရသော်လည်း စခန်းတစ်ခုလုံးကို မဟာမိတ်ပူးပေါင်းအဖွဲ့က သိမ်းပိုက်ရရှိခဲ့ပြီး ၆၀မမ ၁လက်၊ ၆၀မမ ဗုံးသီး ၅၂လုံး၊ Jumper ၁ခု၊ စကားပြောစက်အကြီး ၁လုံး၊ အီနာဂါ ၁၃လုံး၊ လက်ပစ်ဗုံး ၂၀လုံး၊ RPGသီး ၂၂လုံး၊ RPG ပို့ယမ်း ၁၆ခု၊ တင့်ဖျက် ၃ခု၊ ၄၀မမသီး ၁၂လုံး၊ မြေမြှုပ်မိုင်း ၉လုံး နှင့် ၅.၅၆ကျည် ၁၁၂၈တောင့်တို့ကို သိမ်းဆည်းရရှိခဲ့သည် ။
BPLA သည် စစ်အာဏာရှင်အမြစ်ဖြတ်နိုင်ရေးအတွက် တောင်ပိုင်း အမှတ်(၁၀၇)စစ်ဒေသနှင့် မြောက်ပိုင်း အမှတ်(၂၀၃)စစ်ဒေသတို့တွင် မဟာမိတ်များနှင့်အတူ ညီညွတ်စွာ ပူးပေါင်းတိုက်ခိုက်လျက်ရှိသည်ဟု သတင်းထုတ်ပြန်အသိပေးသည် ။
***
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2481
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6297