ချင်းပြည်တောင်ပိုင်း ဝေလူးကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရပြီး ဒေသခံ ၁၀ ဦးနှင့်အထက်သေဆုံး
*****************
သံလွင်ခက်
နိုဝင်ဘာ ၁၆၊ ၂၀၂၃။
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်၊ ည ၇ နာရီ ဝန်းကျင်တွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် လာရောက်ပစ်ခတ်သဖြင့် ဒေသခံ ၁၂ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
သေဆုံးသူများတွင် အမျိုးသမီးနှင့် ကလေးငယ် ၄ ဦးပါဝင်သလို ထိခိုက်ဒဏ်ရာရရှိသူများစွာရှိနေပြီး သေဆုံးသူ အရေအတွက် ဆက်လက်တိုးလာနိုင်သည်ဟု ဒေသခံအမျိုးသား ၁ ဦးက သံလွင်ခက်ကို ပြောသည်။
“ဒဏ်ရာရတဲ့လူဦးရေများတော့ သေဆုံးတဲ့ဦးရေက ဒီထက်ထပ်တိုးလာနိုင်တယ်လို့ ယူဆထားပါတယ်” ဟု ပြောသည်။
ဝေလူးကျေးရွာသည် ချင်းပြည်နယ်တောင်ပိုင်းရှိ မတူပီမြို့နှင့် မိုင် ၅၀ ခန့်အကွာ မတူပီ – ပလက်ဝမြို့နယ်ကြား တွင်တည်ရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၈၀ ဝန်းကျင်နှင့် လူဦးရေ ၅၀၀ ဦးဝန်းကျင် နေထိုင်သည့် ကျေးရွာဖြစ်သည်။
ယမန်နေ့ညက ဗုံးကြဲတိုက်ခိုက်ခံရသည့် အဆိုပါ ဝေလူးကျေးရွာတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များ နေထိုင် ခြင်းမရှိသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း တပ်စွဲထားခြင်းမရှိသည့်ကျေးရွာဖြစ်ပြီး တစ်ကြိမ်တစ်ခါမျှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နယ်မြေဖြစ်သည်ဟု ဒေသခံအမျိုးသားက သံလွင်ခက်ကို ပြောသည်။
ဝေလူးကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုနှင့်ဆက်စပ်ပြီး ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ မတူပီအဖွဲ့က အတည်ပြုနေဆဲ ဖြစ်သည်ဟုလည်း သိရသည်။
ပုံစာ – စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးသွားသည့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ပလိပ်ထွီ ကျေးရွာက အဆောက်အအုံတစ်လုံးကို တွေ့ရစဉ်။ (ပုံဟောင်း)
***
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2477
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6293