ပေါက်တောမြို့မရဲစခန်းကို AA သိမ်းပိုက်၊ စစ်ကောင်စီက လေယာဥ်ဖြင့်ပစ်ခတ်
*******************************
မိခိုင်
နိုဝင်ဘာ ၁၆၊ ၂၀၂၃။
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော် – AA က နိုဝင်ဘာ ၁၅ ရက် ည ၁၁ နာရီလောက်တွင် ပစ်ခတ်သိမ်းပိုက်လိုက်ပြီးနောက် ယနေ့ နံနက် ၉ နာရီကျော်ဝန်းကျင်တွင် ပေါက်တောမြို့မရဲစခန်းအား စစ် ကောင်စီ က လေယာဥ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့မရဲစခန်းရှိ ရဲတပ်သားများအား လက်နက်ချအညံ့ခံရန် ရက္ခိုင့်တပ်တော် – AA က ပြောဆိုနေသည် မှာ ၂ ရက်ဝန်းကျင်ရှိနေပြီဖြစ်ကာ ယမန်နေ့ညက သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း မြို့ခံ ၁ ဦးက ဆိုသည်။
” ရဲတွေနဲ့ ညှိနှိုင်းနေတာ ၂ ရက်လောက်ရှိပြီးလို့ လက်နက်ချဖို့သွားတာပေါ့။ နောက်စခန်းမှာ အရာရှိတွေ ၄ ယောက်လောက် ကျန်ခဲ့တယ်ပေါ့။ ည ၁၁ နာရီလောက်ကျတော့ ကျန်ခဲ့တဲ့အရာရှိတွေကလည်း AA ဆီ ဖုန်းဆက် ပြီး သူတို့ကိုလာဖို့ ပြောတယ်။ အဲ့ချိန် AA က လာခေါ်တာပေါ့။ သူတို့ကိုခေါ်တဲ့အချိန် AA က သေနတ် ၅ ချက် လောက်ဖောက်ပြီး သိမ်းတယ်လို့သိရတယ်” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ပေါက်တောမြို့မရဲစခန်းအား ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြို့ခံ ၁ ဦးက ဆိုသည်။
” ၄၊ ၅ ချက်လောက် ပစ်သွားတယ်။ အဝေးက ပစ်တာ။ မြို့ခံတွေက လန့်နေကြတယ်။ ဒေသခံတွေက တော်တော် စိုးရိမ်နေကြတယ်။ အထိအခိုက်ရှိလားတော့ မသိသေးဘူး ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် ပေါက်တောမြို့၊ အမှတ် ၃ ရပ်ကွက်၊ စူပါကိန်းဝိုင်းအနီးရှိ လူနေအိမ် များပေါ်သို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့သည်။ ထိခိုက်သေဆုံးမှုကို သံလွင်ခက်က ဆက်လက်စုံစမ်း နေဆဲဖြစ်သည်။
ရခိုင်ပြည်ရှိ စစ်ကောင်စီလက်အောက်ခံတပ်သားများ လက်နက်ချအညံ့ခံရန် ရက္ခိုင့်တပ်တော် – AA က နိုဝင်ဘာ လ ၁၄ ရက်ကစတင်၍ အသိပေးခဲ့ခြင်းဖြစ်ပြီး လက်နက်မချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဆက်လက် တိုက်ခိုက်သွားမည်ဟု AA က သတိပေးထားခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် AA တပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေပြီး နယ်ခြားစောင့်တပ်နှင့် ရဲ စခန်းစုစုပေါင်း ၅၀ ဝန်းကျင်က စခန်းကိုစွန့်လွှတ်ထားခဲ့ပြီး နီးစပ်ရာစခန်းများနှင့် ပူပေါင်းခဲ့ကြသည်ဟု သိရသည်။
ရက္ခိုင့်တပ်တော် – AA ကလည်း ၎င်းတို့ထံဆက်သွယ်ပြီး လက်နက်ချအလင်းဝင်ရောက်လာကြမည့်သူများကို ကြိုဆိုလက်ခံသွားမည်ဖြစ်ပြီး လက်နက်ချအညံ့မခံသော စစ်ကောင်စီတပ်ဖွဲ့များကိုလည်း ဆက်လက်တိုက်ခိုက် ချေမှုန်းသွားမည်ဟု နိုဝင်ဘာလ ၁၄ ရက်က ထုတ်ပြန်ထားသည်။
ပုံစာ – ပေါက်တောမြို့၊ အမှတ် ၃ ရပ်ကွက်၊ စူပါကိန်းဝိုင်းအနီးရှိ လူနေအိမ်များပေါ်သို့ လက်နက်ကြီးများ ကျ ရောက်ပေါက်ကွဲခဲ့စဥ်။
***
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2468
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6283