မော်လမြိုင်မြို့တွင် စက်သုံးဆီကို တန်းစီစနစ်ဖြင့်ဝယ်ယူနေရ
*********************
သဇင်
နိုဝင်ဘာ ၁၅၊၂၀၂၃။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် စက်သုံးဆီပြတ်လပ်မှုနှင့်ကြုံတွေ့နေရပြီး တန်းစီစနစ်ဖြင့် စောင့်ဆိုင်းဝယ်ယူ နေရသည်ဟု ဒေသခံများကဆိုသည်။
ယခုလနိုဝင်ဘာဒုတိယပတ်အတွင်း မော်လမြိုင်မြို့တွင် စက်သုံးဆီပြတ်လပ်မှုဒဏ်ကို ဆိုးဆိုးရွားရွား ကြုံတွေ့နေ ရပြီး မြို့တွင်းသို့ ဆီဘောက်ဆာကားများဝင်ရောက်ရန်အခက်အခဲရှိသောကြောင့် စက်သုံးဆီအရောင်းဆိုင် အများ စု၌ စက်သုံးဆီပြတ်လပ်နေခြင်းဖြစ်သည်။
လက်ရှိအချိန်မှာတော့ မြို့တွင်းရှိ ဆီအရောင်းဆိုင်အချို့တွင်သာ စက်သုံးဆီရောင်းချပေးနေပြီး ယာဉ်အမျိုးအစား အလိုက် သတ်မှတ်ပမာဏအတိုင်းသာ ရောင်းချပေးနေသည်ဟု ဒေသခံ ၁ ဦးက ဆိုသည်။
“ ဆီဝယ်ဖို့က လက်မှတ်အရင်ဖြတ်ရတာ။ ပြီးမှ အဲ့လက်မှတ်ယူပြီး သွားတန်းစီပေါ့။ ဆိုင်ကယ် ၁ စီးကို ၅၀၀၀ ဖိုး ပဲ ဖြည့်လို့ရတယ်။ ဒါတောင် ခုဟာကဆိုင်မဟုတ်ဘူးနော်။ ဆီသိုလှောင်တဲ့ ဂိုဒေါင်ကြီးတွေ၊ ဆိုင်တွေမှာက ဆီမရှိဘူး။ ဆီဆိုင်သွားရင် ဆိုင်ရှေ့ရောက်တာနဲ့ ဝန်ထမ်းတွေက လက်ခါပြတာ” ဟု ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်ကတည်းက ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တွင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ပြီး မွန်ပြည်နယ်အတွင်းသို့ စက်သုံးဆီတင်ယာဉ်များ ရောက်မလာနိုင်သည့်အတွက် စက်သုံးဆီပြတ်လပ်နေခဲ့ခြင်းဖြစ် သည်။
မြို့တွင်းစက်သုံးဆီအရောင်းဆိုင်များတွင် အောက်တိန်း 95 ရောင်းပေးနေသော်လည်း တချို့ဆိုင်များတွင်တော့ အောက်တိန်း 92 နှင့် 95 နှစ်မျိုးလုံးပြတ်လပ်နေသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ပုံစာ – စက်သုံးဆီတန်းစီဝယ်ယူနေတဲ့ မော်လမြိုင်မြို့ ဒေသခံများ။
Photo – Kyaw Walar
***
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2462
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6281