လွိုင်ကော်မှာ စစ်ရှောင်တွေကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်နေ
**************************************
သံလွင်ခက်
နိုဝင်ဘာ ၁၅ ၊ ၂၀၂၃ ။
ကရင်နီပြည်၊ လွိုင်ကော်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ အဆက်မပြတ်ပြုလုပ်နေတဲ့ အပြင် တိုက်ပွဲရှောင်လာတဲ့ ဒေသခံတွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း နိုဝင်ဘာ ၁၁ ရက်နေ့ကတည်းက လွိုင်ကော်မြို့ပေါ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရပ်ကွက်တချို့က ပြည်သူတွေအများစုဟာ ဒီကနေ့ထိ ပိတ်မိနေကြတာရှိတယ်လို့ သိရပါတယ်။
လမ်းကြောင်းတွေပိတ်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေနဲ့ လေယာဥ်နဲ့ ဗုံးကြဲနေတဲ့ အခြေအနေတွေကြားကပဲ ရှောင်တိမ်းလာတဲ့ စစ်ရှောင်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထပ်မံပစ်တာတွေ ပြုလုပ်နေတာဖြစ်ပါတယ် ။
” မြို့ထဲက ဆိုင်နဲ့ထွက်တဲ့သူရော ။ ကားနဲ့ထွက်တဲ့သူရောရှိတယ် ။ တချို့လွတ်ကြတယ် ။ တချို့ကြတော့ ပေးမထွက်ဘူး လိုက်ပစ်နေတယ်။ မြေပြင်က စစ်ကောင်စီတပ်တွေက ” လို့ ပန်သီရိဒေါရပ်ကွက်ဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ် ။
လွိုင်ကော်မြို့တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေကို အလွန်အကျွံအသုံးပြုတိုက်ခိုက်နေတယ်လို့လည်း လွိုင်ကော်မြို့ခံတွေက ပြောပါတယ် ။
” လေယာဥ်နဲ့က မနက်ရောညရောကြဲနေတာ ။နေ့တိုင်းပဲ ။ ညကလည်း ၁၂ လောက်အထိ လာကြဲနေတာ။ အခုမနက်လည်း ၇ နာရီလောက်ထဲက ကြဲနေတာ။ အခုထိကြဲကောင်းတုန်းပဲ ။ သူတို့က တစ်ခါလာရင် အနည်းဆုံး နှစ်စီးလောက်လာတယ် “လို့ လွိုင်ကော်မြို့တစ်ဦးကပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြားကပဲ အရပ်သားပြည်သူတွေကို ရရာနည်းလမ်းမျိုးစုံနဲ့ ကယ်ထုတ်ပေးနေပေမယ့် ကယ်ထုတ်စရာ ပြည်သူ အများအပြားကျန်ရှိသေးကြောင်းနဲ့ စက်သုံးစီတွေ အဓိက လိုအပ်နေတယ်လို့ ကူညီကယ်ထုတ်ပေးနေတဲ့ လူငယ်တစ်ဦးကပြောပါတယ်။
လက်ရှိလွိုင်ကော်မြို့တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီက စစ်ရေးပစ်မှတ်တွေအပြင် အရပ်သားပစ်မှတ်တွေကိုပါ တိုက်ခိုက်နေပေမယ့် တော်လှန်ရေးပူးပေါင်းတပ်တွေက ဒေသခံပြည်သူတွေအပြင် Non CDM ဝန်ထမ်းတွေကိုပါ ကယ်ထုတ်ပေးနေကြပါတယ်။
စစ်ရေးဖြစ်ပွားချိန်မှာ စစ်ကောင်စီရဲ့ လျစ်လျူရှုစွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ လွိုင်ကော် တက္ကသိုလ်က Non CDM ဆရာ၊ ဆရာမ ၁၃၄ ဦးနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်၆၄ ဦးတို့ကို ဘေးလွတ်ရာ ကယ်ထုတ်ပေးခဲ့တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ယမန်နေ့က ထုတ်ပြန်ထားပါတယ် ။
လက်ရှိစစ်ဆင်ရေးကာအတွင်း အရပ်သားပြည်သူတွေအထိအခိုက်မရှိအောင် တော်လှန်ရေးပူးပေါင်းတပ်များက အကောင်းဆုံးလုပ်ဆောင်နေပေမယ့် စစ်ကောင်စီတပ်ရဲ့ အရပ်သားပစ်မှတ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု၊ လေကြောင်းကဗုံကြဲမှုတွေ ကြောင့် မနေ့က တစ်ရက်ထဲ လွိုင်ကော်မြို့ပေါ်မှာ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၄ ဦးသေဆုံးခဲ့ရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့နဲ့ ဒေသခံတွေဆီက သိရပါတယ်။
***
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2443
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6265