“ ၁၁.၁၁ စစ်ဆင်ရေး” တတိယနေ့ နှင့် စတုတ္ထနေ့တိုက်ပွဲများတွင် တပ်ရင်းမှူး ၊ ဒု-ရင်းမှူးများအပါအဝင် စစ် ကောင်စီတပ်ဖွဲ့ဝင် ၁၁၀ ကျော်သေဆုံး
***************************************
သံလွင်ခက်
နိုဝင်ဘာ ၁၅၊ ၂၀၂၃။
“၁၁.၁၁ စစ်ဆင်ရေး” (11.11 Operation) ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ကရင်နီပြည်၊ လွိုင်ကော် တက္ကသိုလ် တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ရင်း ၂ ရင်းအား ချေမှုန်းခဲ့ရာ၌ စစ်ကောင်စီတပ်ရင်းမှူး ၊ ဒု – ရင်းမှူး များအပါအဝင် တပ်ဖွဲ့ဝင် ၁၁၀ ကျော်သေဆုံးခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF က ယနေ့တွင် ထုတ်ပြန်သည်။
“၁၁.၁၁ စစ်ဆင်ရေး” (11.11 Operation) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော KNDF စစ်ကြောင်း၏ တတိယနေ့ နှင့် စတုတ္ထနေ့စစ်ဆင်ရေးများတွင် လွိုင်ကော်တက္ကသိုလ်ထဲ၌ တပ်စွဲထားသော တပ်မ ၆၆ လက်အောက်ခံ ခမရ ၄၂၅ နှင့် ခမရ ၆ တပ်ရင်းတို့အား ချေမှုန်းခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာလ ၁၃ ရက် တစ်ရက်လုံး လွိုင်ကော်တက္ကသိုလ်ဝန်းထဲတွင် တပ်စွဲထားသော စစ်ကောင်စီတပ် ခမရ ၄၂၅ တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်း ၁ ရင်းလုံးနီးပါးသေဆုံးခဲ့ပြီး ခမရ ၆ ၏အင်အားတစ်ဝက်နီးပါးကို လည်း ချေမှုန်းနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
နိုဝင်ဘာလ ၁၄ရက်တွင်လည်း လွိုင်ကော်တက္ကသိုလ်ကျောင်းဝင်းအတွင်း တပ်စွဲကျန်ရှိနေသော ခမရ ၆ က တပ်ဖွဲ့ဝင်များအား အပြီးသတ်ချေမှုန်းမည့်စစ်ဆင်ရေးကို မနက်ပိုင်းကစတင်ခဲ့၍ ညနေပိုင်းတွင် ကျန်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့များအား လက်နက်ချအညံ့ခံရန် အခွင့်အရေးပေးခဲ့သည်ဟု KNDF က ဆိုသည်။
ထို့နောက် တပ်ခွဲမှူး ကောင်းမြတ်ကို ဦးစီးသည့် စစ်ကောင်စီတပ်သား ၃၂ ဦး လက်နက်ချအလင်းဝင်ရောက်ခဲ့ သည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လွိုင်ကော်တက္ကသိုလ်တွင်တပ်စွဲထားသည့် စစ်ကောင်စီ တပ်ရင်း ၂ ရင်းအား ချေမှုန်းတိုက်ခိုက်ခဲ့ရာတွင် တပ်ရင်း မှူးနှင့် ဒု-ရင်းမှူးများအပါအဝင် တပ်ဖွဲ့ဝင် ၁၁၀ ကျော်သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၈ ယောက် လက်နက်ချအလင်းဝင်ရောက်ခဲ့သည့်အပြင် လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၁၂၈ လက် နှင့် ခဲယမ်းပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့သည်ဟု KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
***
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2451
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6272