၁ ရက်အတွင်း စစ်ကောင်စီဘက်က စခန်း ၄၀ နီးပါးစွန့်လွှတ်ခဲ့၊ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းတချို့ ဖမ်းဆီးရမိကြောင်း ရက္ခိုင့်တပ်တော် – AA ထုတ်ပြန်
********************
မိခိုင်
နိုဝင်ဘာ ၁၄၊ ၂၀၂၃။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် – AA တို့ကြားတိုက်ပွဲများ နိုဝင်ဘာလ ၁၃ ရက်က စတင်ခဲ့ပြီး ၁ ရက်အတွင်း နယ်ခြားစောင့်တပ်နှင့် ရဲစခန်း စုစုပေါင်း ၄၀ ဝန်းကျင်ကို စစ်ကောင်စီလက်အောက်ခံ များဘက်က စွန့်လွှတ်ထားခဲ့ကာ နီးစပ်ရာစခန်းများနှင့် ပူပေါင်းခဲ့ကြောင်း ယနေ့ နိုဝင်ဘာလ ၁၄ ရက်တွင် ရက္ခိုင့် တပ်တော် – AA က ထုတ်ပြန်လိုက်သည်။
အဆိုပါထုတ်ပြန်ချက်တွင် “နိုဝင်ဘာလ ၁၃ ရက် ၁ ရက်တည်းတွင်ပင် စစ်ကောင်စီလက်အောက်ခံ၊ နယ်ခြား စောင့်တပ်၊ ရဲစခန်းတို့သည် စခန်းပေါင်း ၄၀ နီးပါးကိုစွန့်လွှတ်ထားခဲ့ပြီး နီးစပ်ရာ စစ်ကောင်စီစစ်စခန်းများတွင် လည်း ကောင်း၊ ရဲစခန်း ၃ ခုအား ၁ ခုအဖြစ်စုပေါင်း၍လည်းကောင်း သွားရောက်ပူးပေါင်းသွားကြသည်ကို တွေ့ရှိရ သည် ” ဟု ဖော်ပြထားသည်။
ရက္ခိုင့်တပ်တော် – AA အနေဖြင့် နိုဝင်ဘာလ ၁၃ ရက်က ရသေ့တောင်၊ မောင်တောနှင့် မင်းပြားမြို့နယ်ရှိ နေရာ ၅ နေရာတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းအား ယင်းနေ့တွင်ပင် သိမ်းပိုက်ခဲ့ပြီး ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းကိုတော့ ယနေ့ နိုဝင်ဘာလ ၁၄ ရက်၊ နံနက် ၇ နာရီခွဲတွင် သိမ်း ပိုက်ရရှိခဲ့သည်ဟု ဆိုထားသည်။
ယင်းအပြင် မင်းပြားမြို့နယ်၌ဖြစ်ပွားခဲ့သော တိုက်ပွဲ ၂ ပွဲအတွင်း စစ်ကောင်စီ၏ စစ်တွေအခြေစိုက်၊ ခမရ ၃၄၄ တပ်ရင်းက ဒုဗိုလ်မှူး သန့်ဇင်ထွန်း အပါအဝင် ၁၁ ဦးအား စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (မျက်မြင်) ၁၀ ဦးကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတချို့လည်းရှိခဲ့သည်ဟု ဖော်ပြထား သည်။
မောင်တောမြောက်ပိုင်း၊ သင်္ဘောလှရွာအနီးတိုက်ပွဲတွင်လည်း သုံ့ပန်း ၁ ဦးအပါအဝင် လက်နက်ခဲယမ်းနှင့် စစ် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိပြီး ရန်သူ့ဘက်က ဒု-စစ်ကြောင်းမှူး ကျော်သက်နိုင် အပါအဝင် ၁၄ ဦး ဝန်းကျင်ကျဆုံးခဲ့ကာ ဒဏ်ရာရသူအချို့ရှိခဲ့သည်ဟု ဆိုသည်။
ယင်းနေ့တွင်ပင် ကျောက်တော်မြို့နယ်၊ အပေါက်ဝ ရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၂၂ ဦး လက်နက်များနှင့်အတူ လက် နက်ချအလင်းဝင်လာခဲ့ပြီး အခြားသောနေရာ ၂ နေရာက ရဲ ၆ ဦး လက်နက်နှင့်တကွ လက်နက်ချအလင်း ဝင်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။
စစ်ကောင်စီက တောင်ကုတ်၊ သံတွဲ၊ ဂွ၊ ရမ်းဗြဲနှင့် ကျောက်ဖြူမြို့နယ်များတွင် ULA/AA နှင့် ဆက်စပ်သည် ဆိုသောသံသယဖြင့် အရပ်သားများအား ရှာဖွေဖမ်းဆီးခြင်းများ ဆက်တိုက်ပြုလုပ်လာသည်ကိုလည်း တွေ့ရှိနေရ သည်ဟု ဆိုထားသည်။
ရက္ခိုင့် တပ်တော် – AA အနေဖြင့်မူ၎င်းတို့ထံ လက်နက်ချအလင်းဝင်လာသူများအား ဆက်လက်ကြိုဆိုသွားမည် ဖြစ်ကြောင်း ပြောဆိုထားသည်။
” မိမိတို့ထံဆက်သွယ်လာပြီး လက်နက်ချအလင်းဝင်ရောက်ကြမည့်သူများကို ဆက်လက်ကြိုဆိုလက်ခံသွားမည် ဖြစ်ပါသည်။ လက်နက်ချအညံ့မခံသောသူများကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သည် “ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ – AA Info Desk
***
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2431
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6243