ကောလင်းမြို့စီးပွားရေးဘဏ်က ကျပ်သိန်းပေါင်း ၁၀၀၀၀ နီးပါးသိမ်းဆည်းရမိ
*******************
သံလွင်ခက်
နိုဝင်ဘာ ၁၄၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၏ လက်ကျန်ငွေ ကျပ်သိန်း ၁၀၀၀၀ နီးပါး သိမ်းဆည်းရရှိထားသည်ဟု အမျိုးသား ညီ ညွတ်ရေးအစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။
ခရိုင်အုပ်ချုပ်ရေးရုံးစိုက်ရာ ကောလင်းမြို့ကို အမှတ် ၁ စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲမှု အစီအစဉ်ဖြင့် ကချင်လွတ်မြောက်ရေး တပ်မတော် – KIA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF၊ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ – ပကဖ နှင့် တော်လှန်ရေးအဖွဲ့များက နိုဝင်ဘာ ၆ ရက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
သိမ်းပိုက်ပြီးနောက်ပိုင်း နိုဝင်ဘာလ ၈ ရက်တွင် ကောလင်းခရိုင် အရေး ပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရအုပ်ချုပ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသည့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၏ အမိန့်အမှတ် (၁/၂၀၂၃) ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်ဟု ဆိုသည်။
ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းစီမံချက် (SOPs-Standard Operating Procedure) အတိုင်းစနစ်တကျလိုက်နာ ဆောင်ရွက်လျက်ရှိပြီး ကောလင်းခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်၏ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း ၉၅၉ သန်းကျော်အား လက်ခံသိမ်းဆည်းရရှိထားသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
အဆိုပါလက်ကျန်ငွေများကို စာရင်းနှင့်တကွ မှတ်တမ်းတင်ထားရှိပြီး နိုင်ငံတော်ပိုင်ဘဏ္ဍာငွေများနှင့် ပြည်သူလူထု၏ အပ်နှံငွေများ နစ်နာဆုံးရှုံးမှု မရှိစေရန် စနစ်တကျ စီမံခန့်ခွဲလျက်ရှိသည်ဟု NUGက အသိပေးထားသည်။
***
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2432
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6246