ချင်း-အိန္ဒိယနယ်စပ်ရှိ ရိဒ်ခေါဒါရ်မြို့ကို
ချင်းကာကွယ်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်
*******************************
သံလွင်ခက်
နိုဝင်ဘာ ၁၄ ၊ ၂၀၂၃ ။
ချင်းပြည်နယ်မှာ ပထမဆုံးမြို့သိမ်းတိုက်ပွဲအောင်မြင်ခဲ့တဲ့ ရိဒ်ခေါဒါရ် မြို့မှာ စစ်ကောင်စီတပ်စခန်းနှစ်ခုရှိပြီး ချင်းကာကွယ်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီးတဲ့နောက်မှာ မြို့အဝင်ဆိုင်းဘုတ်ပေါ်မှာ ချင်းအမျိုးသားအလံတော်ကိုလွှင့်ထားနိုင်ခဲ့တာဖြစ်တယ်လို့ ချင်းကာကွယ်ရေးရဲဘော်တွေဆီကနေ ဒီကနေ့မနက်ပိုင်းမှာ သိရပါတယ် ။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နဲ့ အိန္ဒိယနိုင်ငံနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ရိဒ်တပ်စခန်းကုန်းကို မနေ့က နိုဝင်ဘာ ၁၃ ရက် မနက်အစောပိုင်းမှာ ချင်းအမျိုးသားတပ်ဦးCNA ဦးဆောင်တဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတာပါ ။
ရိဒ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာ
အဲဒီစခန်းကနေ ကားနဲ့သွားရင် ၁၅ မိနစ်လောက်သွားရတဲ့ တီအို တပ်စခန်း (Tio Khawmawi )ကိုလည်း ပူးပေါင်းတပ်တွေ ထပ်မံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ် ။
ရိဒ်ခေါဒါရ်မြို့ စခန်းသိမ်းတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ် တပ်ဖွဲ့ဝင် ၃၀ နီးပါး သေဆုံးပြီး ဗိုလ်မှူးအပါအဝင် တပ်သား ၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး CNA သတင်းရင်းမြစ်တစ်ဦးက သံလွင်ခက်ကို ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ လောက်ဟာလည်း အိန္ဒိယနိုင်ငံထဲကို ထွက်ပြေး ဝင်ရောက်သွားခဲ့ပြီး အိန္ဒိယရဲတွေဆီမှာ လက်နက်ချ အဖမ်းခံခဲ့တယ်လို့ ကြားသိရကြောင်း အဆိုပါသတင်းအရင်းအမြစ်ကပြောပါတယ် ။
ရိဒ်ခေါဒါရ်မြို့သိမ်းတိုက်ပွဲမှာ ချင်းအမျိုးသားတပ်ဦး CNA က ဒုဗိုလ်မှူး အပါအဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့တယ်လို့ ချင်းကာကွယ်ရေးရဲဘော်တွေဆီကနေ သိရပါတယ် ။
***
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2430
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6239