ငြိမ်းချမ်းရေးဖြစ်စဥ်ပြင်ပက ပြည်သူ့စစ်အဖွဲ့များ (အပိုင်း – ၁)
******************************
ဘုန်းမောင်
နိုဝင်ဘာ ၆၊ ၂၀၂၃။
မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ပြည်သူ့စစ်အဖွဲ့ပေါင်း ၆၀၅၀ ဖွဲ့ရှိကြောင်း လွန်ခဲ့သော ၂၀၁၉ ခုနှစ်တုန်းက ဗိုလ်ချုပ် မြင့်နွယ် က ဖြေဆိုခဲ့ဖူးသည်။ ထိုသို့ဖြေဆိုရန်အကြောင်းဆိုက်လာသည်ကလည်း ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်၊ ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် – ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပေါင်မြို့နယ်၊ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်း က ပြည်သူ့စစ်အဖွဲ့များနှင့်ပတ်သက်ပြီး မေးခွန်းများမေးမြန်းခဲ့ သောကြောင့် ဖြစ်သည်။ သူမ၏ မေးခွန်းအပြည့်အစုံမှာ ဤသို့ဖြစ်၏။
ပြည်သူ့စစ်အဖွဲ့များကို အဘယ်ကြောင့် ထားရှိသနည်း။ ပြည်သူ့စစ်အဖွဲ့များ၏ လုပ်ဆောင်ချက်နှင့် ပြည်သူ့စစ် အဖွဲ့များကို မည်သည့်ဌာနအဖွဲ့အစည်းက တာဝန်ခံမည်နည်း. .. ဟူ၍ဖြစ်သည်။
အဆိုပါ မေးခွန်းများနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်မြင့်နွယ် က ပြည်သူ့စစ်များသည် မိမိတို့ တပ်မတော်သားအဖွဲ့ အစည်းမဟုတ်ဘဲ အရပ်ဘက်အဖွဲ့အစည်းများသာဖြစ်သည့်အတွက် ရဲဘက်နှင့်သက်ဆိုင်သော နယ်ဘက်အမှုသာ ဖြစ်ကြောင်း၊ ပြည်သူ့စစ်များကို တိုင်းစစ်ဌာနချုပ်များတွင် ကြီးကြပ်ကွပ်ကဲကာဖွဲ့စည်း၍ လေ့ကျင့်သင်ကြားပေး ခြင်းနှင့် တာဝန်ခွဲဝေပေးခြင်းများဆောင်ရွက်ပေးပြီး အမှုအခင်းများဖြစ်ပွားခဲ့ပါက နယ်ဘက်တရားဥပဒေဖြင့် အရေးယူနိုင်ရန်ဆောင်ရွက်ထားကြောင်း ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြန်လည်ဖြေကြားခဲ့သည်။
ထို့ကြောင့် ဌာနေပြည်သူ့စစ်အဖွဲ့အစည်းများကို မြန်မာစစ်တပ်၏တပ်ရင်းအသီးသီးရှိတပ်ဖွဲ့များက ဖွဲ့စည်းရေး၊ လေ့ကျင့်ရေး၊ လက်နက်တပ်ဆင်ရေးနှင့် တာဝန်ခွဲဝေသတ်မှတ်ပေးရေး စသည့်အခန်းကဏ္ဍများတွင် တာဝန်ယူ ဆောင်ရွက်ပေးနေသည်ဟု နားလည်ရပါသည်။ ပြည်သူ့စစ်ဖွဲ့စည်းမှုသည် စစ်မက်ရေးရာအရေးအခင်းများအတွက် အရေးပေါ်ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ အမျိုးသားကာကွယ်ရေးအတွက် အချိန်မရွေးအသင့်ဖြစ်နေစေရန် ဖွဲ့စည်း လေ့ကျင့်ပေးထားခြင်းဖြစ်ပြီး ယခင်ကတည်းကပင် မြန်မာစစ်တပ်၏ကြီးကြပ်မှုဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေများ တွင် တည်ရှိသော ရပ်ကွက်၊ ကျေးရွာ၊ စက်ရုံ၊ အလုပ်ရုံစသည့် အချက်အချာနေရာများတွင် စစ်ရေးလိုအပ်ချက်အရ ပြည်သူ့စစ်ဌာနေအဖွဲ့များဖွဲ့စည်းပေးထားခဲ့ကြောင်း သိရသည်။
တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် ပြည်သူ့စစ်ဌာနေများဖွဲ့စည်းထားရခြင်းမှာ ပြည်တွင်းလက်နက်ကိုင် အရေးအခင်းများကိုချေမှုန်းရန်အတွက် ရေတိုရည်မှန်းချက်အရဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ဗိုလ်ချုပ် မြင့်နွယ် က ဖြေဆိုခဲ့ဖူးပါသည်။ သို့သော် ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံဒေသအနှံ့အပြားရှိ ပြည်သူ့စစ်အဖွဲ့အစည်းအချို့ ကတော့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်း၊ အွန်လိုင်းဂိမ်းအပါအဝင် ကာစီနိုလောင်းကစားရုံများဖွင့်လှစ် ခြင်း၊ ဒေသခံပြည်သူလူထုအပေါ် နိုင်ထက်စီးနင်းပြုလုပ်မှုများကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေပါသည်။
ပြည်သူ့စစ်တစ်ဖွဲ့ချင်းတွင်ပါဝင်နေသောအင်အားအရွယ်အစားက အတော်အသင့်ကြီးမားပြီး မြန်မာနိုင်ငံတွင်ဖြစ် ပွားနေသော လက်နက်ကိုင်အရေးအခင်းများတွင်လည်း ပြည်သူ့စစ်များပါဝင်နေသောကြောင့်၎င်းတို့သည် ဩဇာ ကြီးမားသောအခန်းကဏ္ဍတွင် ပါဝင်နေပါသည်။ မြန်မာနိုင်ငံ၏ ပြင်းထန်သောပြည်တွင်းပဋိပက္ခများ၌ ပြည်သူ့စစ် များပါဝင်နေသော်လည်း ၎င်းတို့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များတွင်တော့ ပါဝင်ခြင်းမရှိဘဲ လျစ်လျူရှုခံထားရ ပါသည်။
အစိုးရနှင့်မဟာမိတ်ပြည်သူ့စစ်များသည် နိုင်ငံရေးအကျိုးစီးပွားများက ဖယ်ထုတ်ခြင်းခံထားရပြီး အချို့သော ပြည်သူ့စစ်ခေါင်းဆောင်များသည် မိမိတို့၏နိုင်ငံရေးအဆင့်အတန်းကို လက်လျှော့အညံ့ခံလိုက်ရုံသာမက မူးယစ် ဆေးရောင်းဝယ်ဖောက်ကားခြင်း၊ သဘာဝသယံဇာတအရင်းအမြစ်များထုတ်ယူခြင်းနှင့် အတင်းအကြပ်အခွန် ကောက်ခံခြင်းများတွင် ပါဝင်ပတ်သက်နေကြရသဖြင့် ၎င်းတို့ကို အခွင့်အရေးသမားများဟု အများကရှုမြင်နေကြ ပါသည်။ ပြည်သူ့စစ်အဖွဲ့များအပေါ် အဆိုပါအမြင်များ လွှမ်းမိုးနေစေရန်နှင့် ပြည်သူ့စစ်အဖွဲ့များ၏ နိုင်ငံရေး အကျိုးစီးပွားများကို ပြည်သူများအသိအမှတ်မပြုနိုင်ကြစေရန် အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သည် အစိုးရမဟာမိတ်ပြည်သူ့စစ်များအဖြစ် ပြောင်းလဲခံခဲ့ရပါသည်။ သို့သော်လည်း ပြည်သူ့စစ်အဖွဲ့များသည် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသောပဋိပက္ခများအတွင်း ပါဝင်ပတ်သက်နေသော လက်နက်ကိုင်အဖွဲ့အစည်းများဖြစ် သည့်အပြင် ခြိမ်းခြောက်မှုပေးနိုင်သော အင်အားတစ်ခုကိုလည်းပိုင်ဆိုင်ထားသောကြောင့် ပဋိပက္ခအလွန်ကာလ တွင် ပြည်သူ့စစ်များ၏အခန်းကဏ္ဍကို ထည့်သွင်းစဥ်းစားဖို့ အရေးကြီးပါသည်။
ပြည်သူ့စစ်အဖွဲ့များသည် မြန်မာနိုင်ငံ၏ တရားဝင်ငြိမ်းချမ်းရေးဖြစ်စဥ်များ၏အပြင်ဘက်တွင် လှုပ်ရှားနေကြသည့် အဖွဲ့အစည်းများဖြစ်သည့်အတွက် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဥ်တွင် ပြည်သူ့စစ်အဖွဲ့များကပေးနေသော စိန်ခေါ်မှု များလည်း ရှိနေသည်။ မြန်မာစစ်တပ်ကလည်း ၎င်းတို့တည်ဆောက်ထားသော ပြည်သူ့စစ်စနစ်အတွင်း ပါဝင်ပူး ပေါင်းရန် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများကို အတင်းအကြပ်တိုက်တွန်းနေပြန် သည်။ ထိုသို့ ပြည်သူ့စစ်အသွင်ကူးပြောင်းလိုက်ခြင်းကြောင့် အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ စစ်အင်အားကို လျော့ကျသွားစေခဲ့သည်။ အချို့အဖွဲ့များကလည်း ပြည်သူ့စစ်အဖြစ်အသွင်ကူးပြောင်းရန် မြန်မာစစ် တပ်၏အဆိုပြုချက်ကို လက်မခံကြပေ။
မြန်မာနိုင်ငံတွင်ရှိသောပြည်သူ့စစ်များတွင် အများစုက မြန်မာစစ်တပ်နှင့် မဟာမိတ်ဖြစ်ထားကြပြီး အချို့မှာမူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ကူညီအားပေးလျက်ရှိကြသည်။ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွား နေသော ပဋိပက္ခများတွင်လည်း ပြည်သူ့စစ်များပါဝင်နေပါသည်။
မြန်မာနိုင်ငံကို ဗြိတိသျှတို့သိမ်းပိုက်ပြီးနောက်ပိုင်းကာလများ၌ စစ်တပ်၏စုစည်းမှုအတွင်းပါဝင်သော တပ်ဖွဲ့ဝင် များသည် စစ်တပ်၏လေ့ကျင့်သင်ကြားမှုများတွင် ပါဝင်ခဲ့ရသော်လည်း ၎င်းတပ်ဖွဲ့များအား ကိုလိုနီအရာရှိတို့က လက်နက်ကိုင်ဆောင်ခွင့်ကို ခွင့်မပြုခဲ့ဟု မှတ်တမ်းများအရသိရပါသည်။ ၁၉၃၀ ပြည့်လွန်နှစ်များတွင်တော့ တိုင်း ရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့်သိန္နီစော်ဘွားက တရုတ်နိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် ရှမ်းပြည် နယ်၏နယ်စပ်ဒေသများတွင် အိမ်စောင့်တပ်ဟုရည်ညွှန်းနိုင်သော ပြည်သူ့စစ်အဖွဲ့များတည်ထောင်ရန် ဒေသခံ ခေါင်းဆောင်များကိုခွင့်ပြုပေးလိုက်သောအခါမှာတော့ ရှမ်းပြည်နယ်ရှိဒေသခံခေါင်းဆောင်များက ပြည်သူ့စစ်တပ် ဖွဲ့များကို ဖွဲ့စည်းတည်ထောင်လာခဲ့ကြသည်။
ဗြိတိသျှကိုလိုနီခေတ်ကုန်လွန်သည့်အချိန်မှာလည်း အမျိုးမျိုးသော ဗမာတိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်များ သည် တပ်ဟုခေါ်တွင်နိုင်သည့် စစ်တပ်ဆန်သောလက်နက်ကိုင်တပ်ဖွဲ့များ ဖွဲ့စည်းခဲ့ကြသည်။ အထူးသဖြင့် ကရင် တိုင်းရင်းသားများနေထိုင်ရာဒေသများ၌ လုံခြုံရေးအခြေအနေ ယိုယွင်းလာသောကြောင့် ယင်းဒေသများတွင် ပြည်သူ့စစ်အဖွဲ့များဖွဲ့စည်းရန် ဖိအားဖြစ်လာခဲ့ရသည်။ ၁၉၄၅ – ၁၉၄၈ ခုနှစ်များကြားတွင် “ငြိမ်းချမ်းရေးပြောက် ကျား”ဟုခေါ်တွင်သော ပြည်သူ့စစ်အဖွဲ့ငယ်ကို ယင်းဒေသများတွင်တည်ထောင်ရန် ဗြိတိသျှအစိုးရက ခွင့်ပြုပေးခဲ့ လေသည်။ ဗိုလ်ချုပ်အောင်ဆန်း ကလည်း “ပြည်သူ့စေတနာ့ဝန်ထမ်းအဖွဲ့”ကိုဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ဗြိတိသျှအစိုးရနှင့်ဆွေးနွေးရာတွင် နိုင်ငံရေးလက်နက်တစ်ခုဖြစ်လာခဲ့သည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာတော့ ပြည်သူ့စစ်အဖွဲ့များပျံ့နှံ့လာခဲ့ပြီး အချို့ကမူ နိုင်ငံရေးသမားများ၏ ခါးပိုက် ဆောင်တပ်ဖွဲ့များ ဖြစ်လာကြသည်။ တရုတ်ပြည်တွင်းစစ်မှာရှုံးနိမ့်ခဲ့သည့် ချန်ကေရှိတ်၏ကူမင်တန်တပ်များ ၁၉၄၉ ခုနှစ်ကစပြီး ရှမ်းပြည်နယ်ကိုဝင်ရောက်လာခဲ့သဖြင့် ယင်းကိုကာကွယ်ရန် ပြည်သူ့စစ်အဖွဲ့များ ထပ်မံထူ ထောင်ခဲ့ရပြန်ပါသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းပေါ်ပေါက်လာခဲ့သော လက်နက်ကိုင်ခြိမ်းခြောက်မှုများသည် ဝန်ကြီးချုပ်ဦးနုဦးဆောင်သောအစိုးရသစ်အတွက် ကြီးမားသောစိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပြီး အစိုးရသစ်ပြိုကွဲဖို့ အတွက် ရှေ့ပြေးနိမိတ်များလည်းဖြစ်ခဲ့သည်။
အစိုးရသစ်အနေဖြင့် စစ်တပ်အင်အားကို အဆမတန်ချဲ့ထွင်ရမည့်အဖြစ်နှင့်ရင်ဆိုင်ခဲ့ရသလို အစိုးရတပ်များရှုံး နိမ့်နိုင်ခြေရှိသောအန္တရာယ်နှင့်လည်း ရင်ဆိုင်ခဲ့ရသဖြင့် လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများကိုကိုင်တွယ်နိုင်ရန် ပြည်သူ့စစ်များကို အစိုးရမဟာဗျူဟာ၏အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ဖွဲ့စည်းခဲ့ကြသည်။ အမျိုးအစားများပြား လွန်းသော ပြည်သူ့စစ်အဖွဲ့အစည်းများသည် မကြာခဏဆိုသလို ၎င်းတို့အဖွဲ့အတွင်း ဖွဲ့စည်းပုံများ ပြောင်းလဲလေ့ ရှိတတ်ကြသည်။
ရှမ်းပြည်နယ်တွင်းသို့ ကူမင်တန်တပ်များဝင်ရောက်လာခြင်းနှင့် ကွန်မြူနစ်တို့၏ တိုက်ခိုက်မှုများကိုကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၄၈ ခုနှစ်နောက်ပိုင်းတွင် ဝန်ကြီးချုပ် ဦးနု က စစ်ဝန်ထမ်း (စစ်တပ်ဝန် ထမ်းရသူ)ခေါ် ရဲ တပ်ဖွဲ့အထူးအရံတပ်များ ဖွဲ့စည်းတည်ထောင်ခွင့်ပြုခဲ့သည်။ အစိုးရ၏ လုံခြုံရေးဆိုင်ရာအရာရှိများကလည်း မြန်မာနိုင်ငံတဝန်း စစ်တပ်ဆန်သောလက်နက်ကိုင်အဖွဲ့အစည်းများ တည်ထောင်လာခဲ့ကြသည်။ ၁၉၅၃ ခုနှစ်မှာ တော့ ဒေသခံအစိုးရတာဝန်ရှိသူများက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရှမ်းတိုင်းရင်းသားကျေးရွာများနှင့် ကချင်ကျေး ရွာများတွင် စေတနာ့ဝန်ထမ်း ကာကွယ်ရေးတပ်ဖွဲ့ဟု လူအများသဘောပေါက်ထားကြသည့် ဒေသခံပြည်သူ့စစ် အဖွဲ့များ စတင်ဖွဲ့စည်းခဲ့ကြသည်။
၁၉၅၆ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသားများကိုစုစည်းပြီး အပျော်တမ်းတပ်သားများအဖြစ် လေ့ကျင့်သင်ကြားပေး ခဲ့သည်။ အဆိုပါခုနှစ်မှာပင် မြန်မာနိုင်ငံအစိုးရက “ပျူစောထီး”အစီအစဥ်ကို စတင်လုပ်ဆောင်လာခဲ့ပြီး “ပျူစော ထီး”အဖွဲ့များဖွဲ့စည်းရခြင်း၏ရည်ရွယ်ချက်ကလည်း ပြည်တွင်းတွင်ဖြစ်ပွားနေသော လက်နက်ကိုင်အုံကြွမှုများ တွင် မြန်မာစစ်တပ်ကိုကူညီရန်ဖြစ်သည်။ ဦးနုအစိုးရလက်ထက် ၁၉၅၈ ခုနှစ်တွင် ပြည်တွင်းလက်နက်ကိုင်အဖွဲ့ အစည်းများကို ကမ်းလှမ်းမှုများပြုလုပ်ခဲ့သောကြောင့် ပြည်တွင်းလက်နက်ကိုင်အုံကြွမှုများ သိသာစွာလျော့ကျ သွားခဲ့သော်လည်း ၁၉၅၈ ခုနှစ်တွင်ပင် ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော မြန်မာစစ်တပ်က တိုင်းပြည်အာဏာကို ထိန်းချုပ်လာခဲ့သည်။ ထိုအချိန်ကစ၍ စစ်တပ်အုပ်ချုပ်သောအချိန်ကာလတစ်ခုစတင်လာခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ အများအပြားကို ဖျက်သိမ်းခဲ့လေသည်။
၁၉၆၀ ပြည့်နှစ်အစောပိုင်းကာလများတွင် ပြည်တွင်းလက်နက်ကိုင်အုံကြွမှုများ ဒုတိယအကြိမ် ထပ်မံပေါ်ပေါက် လာခဲ့ပြန်သည်။ ၁၉၅၉ ခုနှစ်တွင် ရှမ်းတိုင်းရင်းသားများ၏ လက်နက်ကိုင်ပုန်ကန်မှုနှင့် ၁၉၆၁ ခုနှစ်တွင် ကချင် တိုင်းရင်းသားများ၏ လက်နက်ကိုင်ပုန်ကန်မှုများအပြင် ၁၉၆၈ ခုနှစ်တွင်လည်း ဗမာကွန်မြူနစ်ပါတီသည် ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ တရုတ်နိုင်ငံကဝင်ရောက်လာခြင်းတို့ကြောင့် ပြည်သူ့စစ်အဖွဲ့များထပ်မံပေါ်ပေါက်လာ ခဲ့ပြီး ပြည်သူ့စစ်များကိုအသုံးပြုမှုလည်း ကျယ်ပြန့်လာခဲ့သည်။ (ငယ်စဥ်က ကူမင်တန်ခေါ် တရုတ်ဖြူတပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ခွန်ဆာ သည်လည်း ကူမင်တန်ကခွဲထွက်ပြီးနောက်ပိုင် နောက်လိုက်ရာဂဏန်း အနည်းငယ်ဖြင့် ကိုယ်ပိုင်တပ်ထူထောင်ခဲ့သည်။ ၁၉၆၀ ခုနှစ်တွင် မြန်မာအစိုးရဩဇာခံ လွယ်မော်ကာကွယ်ရေး တပ်အဖြစ်ပြောင်းလဲခဲ့သည်)
“ပြည်သူ့စစ်” ဟူသောဝေါဟာရကို ဗိုလ်ချုပ်နေဝင်းလက်ထက် ၁၉၆၀ ပြည့်လွန်နှစ်များအစောပိုင်းကာလတွင် မြန်မာစစ်တပ်ကဖွဲ့စည်းခဲ့သော ပြည်သူ့စစ်များကိုရည်ညွှန်းခေါ်ဝေါ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏အဓိကတာဝန်က ကျေး ရွာကာကွယ်ရေးတွင်ကူညီပေးရန်ဖြစ်ပြီး လမ်းပြအဖြစ်ဆောင်ရွက်ရန်နှင့် သတင်းပေးများအဖြစ်ဆောင်ရွက်ရန် ဖြစ်သည်။ မြန်မာနိုင်ငံတွင်းရှိပြည်သူ့စစ်များကို အကြမ်းဖျဥ်းအားဖြင့် အမျိုးအစား ၄ မျိုး ခွဲခြားနိုင်ပါသည်။ ၎င်းတို့ မှာ –
(၁) စစ်တပ်နှင့်ပူးပေါင်းထားသော ပြည်သူ့စစ်များ
(၂) စစ်တပ်နှင့်ပူးပေါင်းထားခြင်းမရှိသော ပြည်သူ့စစ်များ
(၃) စစ်တပ်ကထောက်ပံ့ထားသော ရပ်ရွာအခြေပြုပြည်သူ့စစ်များ နှင့်
(၄) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းထားသော ပြည်သူ့စစ်များ ဟူ၍ဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။