ခရိုင်မြို့ကြီး ကောလင်းမြို့အား ကာကွယ်ရေးတပ်များ သိမ်းပိုက်၊ လက်နက်အများအပြားရရှိ
******************************
သံလွင်ခက်
နိုဝင်ဘာ ၆ ၊ ၂၀၂၃ ။
စစ်ကိုင်းတိုင်းအတွင်းက ခရိုင်မြို့ကြီးဖြစ်သည့် ကောလင်းမြို့ကို ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ၄ ရက်မြောက်နေ့ယနေ့ နိုဝင်ဘာ ၆ ရက် နံနက်ပိုင်၌ မြို့ကို သိမ်းပိုက်လိုက်နိုင်ပြီးဟု သိရသည် ။
အမှတ်(၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး အစီအစဥ်ဖြင့် ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)နှင့်မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များက စစ်ကိုင်းတိုင်း၊ ကောလင်း ခရိုင်၊ ကောလင်းမြို့ကို အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင် ခဲ့သည်ဟု ယနေ့ နံနက်ပိုင်း၌ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည် ။
ကောလင်းမြို့ရှိ ရန်သူ့တပ်ဖွဲ့ဝင်များ အခြေပြုတပ်စွဲထားသည့် ကောလင်းရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးရုံး၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရန်သူ့အုပ်ချုပ်ရေး ယန္တရားရပ်တန့်သွားခဲ့ကာ ကောလင်းမြို့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည် ။
ကောလင်းမြို့ကို နိုဝင်ဘာ ၃ရက် ၊ နံနက်အစောပိုင်းတွင် စတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး
ယမန်နေ့ညနေထိ လက်နက် မျိုးစုံ (၅၄)လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိပြီး စစ်ဆင်ရေးဆိုင်ရာ အချက်အလက်များကို မကြာမီ အသေးစိတ်ဆက်လက် ထုတ်ပြန်သွားမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည် ။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2325
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=6095