ပုဏ္ဏားကျွန်းမြို့တွင် အမှိုက်လာမသိမ်း၍ ဒေသခံများ အခက်အခဲဖြစ်နေ
***************************
မိခိုင်
နိုဝင်ဘာ ၄၊ ၂၀၂၃။
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ စျေးတန်းတလျှောက်တွင် အမှိုက်သိမ်းမည့်စည်ပင်ကား မရှိသည့်အတွက် ဒေသခံများအနေဖြင့် အခက်အခဲဖြစ်နေကြကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့ရှိ စျေးကြီးတလျှောက် အမှိုက်ပစ်ရမည့်နေရာ သတ်မှတ်ပေးထားခြင်းမရှိဘဲ ပုဏ္ဏားကျွန်း ချောင်းတွင် အမှိုက်များစွန့်ပစ်နေရကြောင်း စျေးသည် ၁ ဦးကဆိုသည်။
” ဒီစျေးဘက်မှာ အမှိုက်ပုံဖို့ သတ်မှတ်ပေးထားတဲ့နေရာမရှိဘူး။ အကုန်လုံးက ချောင်းမှာပစ်ကြတယ်။ အခုမှ စ ပစ်တာမဟုတ်ဘူး။ အရင်ကတည်းက ပစ်လာကြတာ ” ဟု ၎င်းက ပြောသည်။
ပုဏ္ဏားကျွန်းတွင် စျေးဆိုင်ခန်းပေါင်း ၅၀၀ ခန့်ရှိပြီး ဟင်းစျေး၊ မုန့်စသည့် စျေးဆိုင်များက ပလတ်စတစ်များ အပါအဝင် စွန့်ပစ်ပစ္စည်းများကို ချောင်းထဲသို့ စွန့်ပစ်နေခြင်းဖြစ်ကြောင်းသိရသည်။
ယင်းအပြင် စျေးနှင့်ဆက်စပ်နေသည့် မြို့သစ်ရပ်ကွက်နှင့် စံပြရပ်ကွက်တွင်လည်း အမှိုက်ကားမရှိဘဲ ပုဂ္ဂလိက အမှိုက်သိမ်းသူနှင့် အမှိုက်စွန့်ပစ်နေရကြောင်း မြို့သစ်ရပ်ကွက်က အမျိုးသမီး ၁ ဦးက ဆိုသည်။
” အစိုးရ အမှိုက်ကားက တစ်ခါမှ မလာဘူး။ ဒီဘက်မှာက လူတစ်ယောက်လာပြီး ၁ ပတ်ကို ၂ ခါ အမှိုက်သိမ်း တယ်။ သူ့ကို တစ်လအတွက် တစ်အိမ် ၂၅၀၀ ပေးရတယ် ” ဟု ၎င်းကဆိုသည်။
ယခုကဲ့သို့ စည်းကမ်းတကျအမှိုက်သိမ်းမည့် အမှိုက်ကားမရှိသည့်အတွက် ပုဏ္ဏားကျွန်းချောင်းမှာလည်း ရေတိမ် လာကြောင်း ပုဏ္ဏားကျွန်းလူမှုအဖွဲ့က လူငယ် ၁ ဦးက ဆိုသည်။
” ကျွန်တော်တို့ဖြစ်စေချင်တာက အမှိုက်ပစ်ဖို့ နေရာသတ်မှတ်ပေးစေချင်တယ်။ အခုက ချောင်းထဲ အမှိုက်ပစ် တာက မြို့သန့်ရှင်းရေးအတွက်လည်း မကောင်းဘူး။ ကမ်းကလည်း တဖြည်းဖြည်း တိမ်လာတယ်။ ဒါက သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်တာလည်း ဖြစ်တယ်။ ငါးနဲ့ သယံဇာတအပေါ်မှာလည်း ထိခိုက်တာပေါ့” ဟု ၎င်းက ဆိုသည်။
ဖော်ပြပါကိစ္စများနှင့်ပတ်သတ်ပြီး ပုဏ္ဏားကျွန်းမြို့ရှိ စည်ပင်သာယာရေးအဖွဲ့ကို ဆက်သွယ်ခဲ့သော်လည်း အဆက် အသွယ်မရခဲ့ပေ။
ရခိုင်ပြည်နယ်တွင် ပုဏ္ဏားကျွန်းအပြင် ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ရသေ့တောင် စသည့်မြို့များ တွင်လည်း အမှိုက်သိမ်းကားများ ပုံမှန်အလုပ်မလုပ်ကြကြောင်း ဒေသခံများထံက သိရသည်။
ဓာတ်ပုံ – သံလွင်ခက်