စခန်း ၁၀ ခုထက်မနည်းတိုက်ခိုက်ခံရလို့ စစ်ကောင်စီက လေကြောင်းပစ်ကူဆက်တိုက်သုံးနေ
*********************
ကောင်းချစ်အောင်
နိုဝင်ဘာ ၄၊ ၂၀၂၃။
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမြောက်ပိုင်းရှိ စစ်ကောင်စီစခန်း ၁၀ ထက်မနည်း တပြိုက်နက် တိုက်ခိုက်ခံခဲ့ရ သောကြောင့် စစ်ကောင်စီက လေကြောင်းပစ်ကူဆက်တိုက်သုံးပြီးခုခံနေသော်လည်း စခန်းစွန့်ခွာဆုံးရှုံးများနှင့် စစ်ကောင်စီတပ်များကြုံခဲ့ရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။
စစ်ကိုင်းတိုင်းထဲရှိ ဟုမ္မလင်း၊ တမူး၊ ကလေး၊ ကလေးဝ၊ ကောလင်း၊ ဝန်းသို၊ ကျွန်းလှမြို့နယ်များနှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင်တပ်စွဲထားသည့် စစ်ကောင်စီအခြေစိုက်စခန်းများနှင့် ရဲစခန်းများကို ကာကွယ်ရေးတပ်ဖွဲ့များ က နိုဝင်ဘာ ၂ ရက်နှင့် ၃ရက်တွင် ဟန်ချက်ညီညီ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
နိုဝင်ဘာ၂ ရက်တွင် ဟုမ္မလင်းမြို့နယ်၊ လွှစင်ကုန်းကျေးရွာရှိ စစ်ကောင်စီအထိုင်စခန်းကို ခန္တီးခရိုင်တပ်ရင်း ၁ ၊ HPDF 124၊ HPDF မိုးကြိုး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၃ ရက်၊ နံနက်ပိုင်းတွင် တမူးမြို့နယ်၊ ခမ်းပတ်မြို့၊ ဝိတုတ်ကျေးရွာရှိ စစ်ကောင်စီအထိုင်တပ်စခန်းများ ကို ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ပြီး ကလေးမြို့နယ်၊ မြောက်စည်းရွာစခန်းနှင့် ရာဇဂြိုဟ်ရွာအနီးရှိ အကျဉ်းစခန်း ၂ ခုကိုလည်း ပြိုင်တူတိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။
မြောက်စည်းရွာစခန်းတိုက်ပွဲတွင် အထိနာခဲ့သည့်စစ်ကောင်စီက Mi35 ရဟတ်ယာဉ်နှင့် ဂျက်ဖိုက်တာများ အသုံး ပြုကာ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ထို့အတူ ကောလင်းမြို့ပေါ်ရှိ မြို့မရဲစခန်းကိုလည်း ကာကွယ်ရေးတပ်ရင်းများကပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ဂျက် ဖိုက်တာဖြင့် ၃ ကြိမ်၊ Mi – 35 ဖြင့် နာရီဝက်ကြာပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်နေချိန်တွင် စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များကလည်း ဟန်ချက်ညီညီဖြင့် စစ်ဆင်ရေးဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ပြီးနောက်ပိုင်း မြို့နယ် ၈ မြို့နယ်ကစခန်းများကို တပြိုက်နက်ဝင်ရောက်တိုက်ခိုက်ကာ စစ်ရေးဖော် ဆောင်ခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်မြောက်ပိုင်းရှိစခန်းများ သိမ်းပိုက်ခံလိုက်ရသည်ဟု စစ်ကောင်စီက ဝန်ခံထားသော်လည်း အညာဒေသရှိ စခန်းများ တိုက်ခိုက်ခံရမှုနှင့်ပတ်သတ်ပြီး ထုတ်ပြန်ထားခြင်းမရှိသေးပါ။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2305
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=6066