လားရှိုးရှိတပ်စခန်း၂ခုအပါအဝင် စစ်ကောင်စီတပ်စခန်း ၄ ခုကို TNLA ထပ်မံသိမ်းပိုက်
***************************
သံလွင်ခက်
နိုဝင်ဘာ ၄ ၊ ၂၀၂၃ ။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုနှင့် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုတို့ကို ထပ်မံ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု တအာင်းတပ်မတော် PSLF/TNLA က ယနေ့၊ နံနက်ပိုင်း၌ သတင်းထုတ်ပြန်သည် ။
တအာင်းတပ်မတော်၏ တပ်မဟာ (၆)စစ်ဒေသ၊ လာရှိုးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဂျာယန် ပ.သ.စ စခန်း နှင့် မိုင်းယန်း ပ.သ.စ စခန်း (၂)ခုတို့ကို ယနေ့ ၊နံနက် (၅း၃၀)နာရီ အချိန်တွင် လည်းကောင်း၊
တပ်မဟာ (၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဝါရော့တပ်စခန်းနှင့် ထိန်ကန်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်း (၂)ခု တို့ကို ယမန်နေ့ နိုဝင်ဘာလ ၃ ရက်၊ နေ့လည် (၂း၁၅)နာရီအချိန်တွင် လည်းကောင်း တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
တအာင်းတပ်မတော် PSLF/TNLA သည် ယမန်နေ့ နံနက်အစောပိုင်းတွင်လည်း တပ်မဟာ (၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြား ဆက်သွယ်ထားသော ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်း ၊ တပ်မဟာ(၂)စစ်ဒေသ မိုးမိတ်မြို့နယ်ရှိ၊ စစ်ကောင်စီ၏ ခွန်ခါတပ်စခန်း ၊ တပ်မဟာ (၃)စစ်ဒေသ၊ မန်တုံမြို့တွင် စစ်ကောင်စီ+ ပ.သ.စ စခန်း နှင့်
တပ်မဟာ (၃)စစ်ဒေသ၊ မန်တုံမြို့ရှိ စစ်ကောင်စီ ရဲစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်သည်။
တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်ခံရသော စစ်ကောင်စီသည် နောင်ချိုမြို့နယ်ရှိ၊ လယ်ကြီးတောကျေးရွာဘက်သို့ နောင်ချို ၁၁၅ စစ်ကောင်စီတပ်မှယမန်နေ့ညပိုင်းနှင့် ယနေ့ နံနက်ပိုင်းထိ ၁၀၂/၁၀၅ ဟောင်ဝစ်ဇာ လက်နက်ကြီးဖြင့် (၂၀)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီး ကလေးငယ် (၁)ဦး ထိမှန်ဒဏ်ပြင်းထန်ပြီး ၊ နေအိမ် (၃)လုံးလည်း ထိမှန်ပျက်စီးခဲ့သည်ဟု တအာင်းတပ်မတော် PSLF/TNLA က ယနေ့၊ နံနက်ပိုင်း၌ သတင်းထုတ်ပြန်သည် ။
စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာ လက်နက်ကြီးပစ်ခတ်ခဲ့သော လယ်ကြီးတောကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်အပြင် မည့်သည်လက်နက်ကိုင်တပ်မှမရှိဟု ဒေသခံများထံက သိရသည် ။
စစ်ရေးပစ်မှတ်များအပြင် အရပ်သားပစ်မှတ်များကိုပါ တိုက်ခိုက်နေသော စစ်ကောင်စီသည် ယမန်နေ့၌လည်း နမ့်ခမ်းမြို့အတွင်းကို တိုက်လေယာဥ်ဖြင့် (၄)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီး (၁)ဦး ညာပေါင်တစ်ဖက်ဖြတ်ထွက်သွားခဲ့ပြီး၊ နေအိမ်အချို့လည်း ဖျက်ဆီးသွားခဲ့သည်။
ထို့ပြင် နောင်ချိုမြို့နယ်ရှိ၊ ဟိုခိုကျေးရွာကို ဂျက်ဖိုက်တာပေါ်မှ ဖျက်အားပြင်း ပေါင် (၅၀၀) ဗုံးဖြင့်ကြဲချခဲ့ပြီး နမ့်ခမ်းမြို့နယ် လွယ်အင်ကျေးရွာနှင့် ဖာလင်ကျေးရွာများကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် (၁)ဦးနှင့် ဘုန်းကြီး (၁)ပါး ထိမှန်ပြီး၊ ဘုန်းကြီးကျောင်းလည်း ပျက်စီးခဲ့သည်ဟု သိရသည် ။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2302
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=6062