လက်နက်ကြီးကျည်ထိမှန်ပြီး နမ့်ခမ်းမြို့ရှိ ကလေးငယ် ၂ ဦးသေဆုံး
******************
ယမင်းဖူးပွင့်အောင်
အောက်တိုဘာ ၂၇၊ ၂၀၂၃။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့အဝင်၊ စစ်ကောင်စီစခန်းသစ် ကုန်းထိပ်အနီးရှိ ဈေးဆိုင် ၁ ဆိုင်ကို လက် နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ကလေးငယ် ၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ယနေ့ အောက်တိုဘာလ ၂၇ ရက်၊ နံနက် ၄ နာရီခန့်ကစ၍ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -TNLA နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြားတိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်နေခြင်း ဖြစ်သည်။
ဈေးဆိုင်ပိုင်ရှင်အမျိုးသမီးနှင့် ကလေး ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နမ့်ခမ်းမြို့မဆေးရုံသို့ပို့ဆောင်ထားကာ သမီးအကြီးဖြစ်သူနှင့် သားအငယ်တို့မှာ ဆေးရုံတွင်သေဆုံးခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူ ၁ ဦးက သံလွင်ခက်ကိုပြောသည်။
“သမီးအကြီးကတော့ ဗိုက်ပွင့်ပြီး ဆုံးသွားပြီ။ သားအငယ်လေးလည်း ထပ်ဆုံးတယ်။ အလတ်လေးရယ်၊ အမေ ရယ်လည်း ဒဏ်ရာရထားတယ်။ ဒဏ်ရာက တော်တော်လေးဆိုးတယ်။ စောင့်ကြည့်နေတုန်းပဲ” ဟု ပြောသည်။
အဆိုပါ ဈေးဆိုင်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏလာရောက်စားသောက်လေ့ရှိသည့်ဆိုင်ဖြစ်သည် ဟု လည်း ၎င်းက ဆက်ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ရှိ နမ့်ဖတ်ကာကျေးရွာတွင်လည်း ယနေ့နံနက် ၅ နာရီခန့်က လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ၇ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် ၂ ဦးသေဆုံးပြီး ၅ ဦးခန့် ထိခိုက်ဒဏ် ရာရရှိခဲ့သည်ဟု သိရသည်။
Photo : Crd