ရှမ်းမြောက်ရှိ စစ်ကောင်စီတပ် နေရာအများအပြားကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တပြိုင်တည်းတိုက်ခိုက်နေ
*********************************
သံလွင်ခက်
အောက်တိုဘာ ၂၇ ၊ ၂၀၂၃ ။
ယနေ့ အောက်တိုဘာ ၂၇ရက် နံနက်အစောပိုင်းကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ့်ဖက်ကာ နှင့် ချင်းရွှေဟော်ဘက်များတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒေသခံများကပြောသည် ။
လားရှိုးမြို့ ATတံတားအကျော် ဟိုပိတ်ရွာတွင် နံနက် ၄ နာရီခန့်က တိုက်ပွဲ ဖြစ်ပွါးခဲ့ကာ တိုက်ပွဲကြောင့် ဟိုပိတ်တိုးဂိတ်ပျက်စီးခဲ့ပြီး လက်ရှိတွင် အသွားအလာပိတ်ထားသည်ဟု ဒေသခံများက သံလွင်ခက် ကိုပြောသည်။
“ ဒီမနက် ၄နာရီမှာ လက်နက်ကြီးသံတွေစကြားရတာပဲ။ ဟိုပိတ်ဘက်မှာဖြစ်တာ။ ဘယ်အဖွဲ့တွေလည်းတော့မသိဘူး။ မြို့ပေါ်မှာတော့တိတ်ဆိပ်နေတာပဲ” ဟု လာရှိုးဒေသခံအမျိုးသမီး တစ်ဦးကပြောသည်။
ထို့ပြင် ဟိုပိတ်တိုးဂိတ်နားရှိ စစ်ကောင်စီ၏ (၆၈)တပ်လည်း ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး နှစ်ဘက်အပြန်အလှန်ပစ်ခတ်နေသည်ဟုသိရှိရသည်။
တဆက်တည်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ဘက်၌လည်း စစ်ကောင်စီတပ်၏ မြို့အဝင် စခန်းသစ်ကုန်းကနေ နံနက် ၅နာရီခွဲ အချိန်ခန့်မှစပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ ဟုတ်တယ် စခန်းသစ်ကနေလှမ်းပစ်နေတာ။ ဘယ်ရွာဘက်ကိုပစ်လည်းတော့မသိဘူး။ ကျွန်တော်တို့အိမ်က စခန်းနဲ့နီးတော့ ပိုကြားရတာပေါ့။ ပစ်နေတာအလုံး၂၀ ကျော်ရှိပြီ။ ဒီမနက်မြို့တော်တော်များများမှာဖြစ်တယ်လို့ကြားတယ်။ ဒီလိုအသံတွေမကြားရတာတောင် တော်တော်ကြာပြီ ” ဟု အသက် ၄၀ကျော်အရွယ် နမ့်ခမ်းဒေသခံအမျိုးသား တစ်ဦးက သံလွင်ခက်ကိုပြောသည်။
တိုက်ပွဲများကြောင့် လားရှိုးမြို့ အထွက်ကို စစ်ကောင်စီက ပိတ်ထားပြီး မူဆယ် ၊နမ့်ခမ်း ၊လောက်ကိုင် ဘက်သို့သွားရောက်မည့် ခရီးသည်များနှင့်ကား များပိတ်မိနေသည်ဟု သိရှိရသည်။
ယခုတိုက်ပွဲများသည် ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်သည့် TNLA၊MNDAA၊AAတို့ နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်အာဏာရှင်အားအမြစ်ပြတ်ချေမှုန်းသွားရန် ယခုစစ်ဆင်ရေးအားစတင်ခြင်းဖြစ်သည်ဟု မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က ယနေ့ နံနက်ပိုင်းတွင် ကြေညာချက်ထုတ်ပြန်ထားသည်။
လက်ရှိသတင်းရေးသားနေသည့် နံနက် ၈ နာရီခွဲကျော်အချိန်ထိ နမ့်ခမ်းမြို့အဝင် စစ်ကောင်စီ၏ စခန်းသစ်ကုန်းမှ လက်နက်ကြီးများပစ်ခတ်နေဆဲဖြစ်ပြီး လာရှိုးတွင်လည်း စစ်ကောင်စီကလေကြောင်းမှလာရောက်တိုက်ခိုက်နေသည်ဟု ဒေသခံများပြောသည်။
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2214
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=5952