စစ်ကောင်စီအကျအရှုံးများသည့် ရေးမြို့နယ်တိုက်ပွဲ
******************
သဇင်
အောက်တိုဘာ ၂၃၊၂၀၂၃။
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲ ၂ ကြိမ်အတွင်း စစ်ကောင်စီဘက်က အရာရှိ ၃ ဦးအပါအဝင်တပ်ဖွဲ့ဝင် ၄၅ ဦးနီးပါး သေဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထံကသိရသည်။
အဆိုပါတိုက်ပွဲများသည် မွန်ပြည်နယ်တဝန်းတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က အကျအရှုံး အများဆုံးတိုက်ပွဲဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများထံက သိရသည်။
အောက်တိုဘာလ ၂၀ ရက်၊ မနက် ၇နာရီနီးပါးတွင် စစ်ကောင်စီအင်အား ၁၀၀ ရှိရေးတံတားကြီးစစ်ဆေးရေးဂိတ်အား တော်လှန်ရေးပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားစဉ်အတွင်း ခြေလျင်တပ်ရင်း(ခလရ–၆၁) ဘက်က ကားများဖြင့် အင်အားဖြည့်တင်းကာလက်နက်ကြီး၊ လက်နက်ငယ်၊ စနိုက်ပါများဖြင့် ပြန်လည်ပစ်ခဲ့သောကြောင့် စခန်းကုန်းနေရာအား မသိမ်းနိုင်ခဲ့ဘဲပြန်လည်ဆုတ်ခွာခဲ့ရသည်။
အဆိုပါစစ်ဆေးရေးဂိတ်သည် ပြည်သူအပေါ်မတရားဖိနှိပ်နေတာကြောင့် တိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးသေဆုံးကာ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ပြီး ပူပေါင်းတပ်ဖွဲ့များဘက် ကလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည် ဟု မွန်ပြည်တော်လှန်ရေးတပ် – MSRF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“အဲဒီတံတားဂိတ်က အင်မတန်မှ ပြည်သူတွေကို ဒုက္ခပေးတဲ့ဂိတ်ပါ။ မကြာခင်က သူတို့ပစ်လို့သေတဲ့ မွန်ပြည်သူတွေလည်းရှိတယ်။ ဒဏ်ရာရတဲ့သူရှိတယ်။ နောက်ပြီး ဖြတ်သွားဖြတ်လာတဲ့ ပြည်သူတွေကို မသင်္ကာရင် မသင်္ကာသလို ငွေညှစ်တာမျိုးတွေရှိတယ်။ အဲ့တာကြောင့်မို့ ဒီဂိတ်ကို ပစ်မှတ်ထားတိုက်ခဲ့တာဖြစ်တယ်”ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာကာ ဒဏ်ရာရရှိသူ များအား ဆေးခန်းသို့ ပို့ဆောင်စဉ် ကျုံလောင်းရွာနှင့် ဝဲပေါင်ကျေးရွာကြား ကားလမ်းဘေး၊ ရာဘာခြံအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ချုံခိုတိုက်ခဲ့ခြင်းကြောင့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။
အချိန် ၃ နာရီကြာ ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၂၇ ဦး သေဆုံးပြီး ပူးပေါင်း တပ်ဖွဲ့ဘက်က ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
တိုက်ပွဲ ၂ ကြိမ်အတွင်း စစ်ကောင်စီတပ်သားများထိခိုက်ကျဆုံးမှုသည် မွန်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအနက် အထိအခိုက်အများဆုံးတိုက်ပွဲဖြစ်သည်ဟု ရေးပြောက်ကျားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံစောခေတ်သစ် က ပြောသည်။
“ကျွန်တော်တို့ YGF အနေနဲ့ဆိုရင် အပြင်းထန်ဆုံးတိုက်ပွဲလို့ မသတ်မှတ်ပါဘူး။ ဘာလို့ဆိုရင်ကျွန်တော်တို့ ရှေ့မှာဒီထက်ကြမ်းတဲ့တိုက်ပွဲတွေကိုရင်ဆိုင်ခဲ့ဖူးလို့။ မွန်ပြည်နယ်မှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေထဲမှာဆိုရင်တော့ အပြင်းထန်ဆုံးလို့ တော့သတ်မှတ်လို့ရပါတယ်။ အသေအပျောက်လည်းအများဆုံး၊ လက်နက်သိမ်းဆည်းရမိတာ လည်း အများဆုံးဖြစ်သလို့၊ ကျွန်တော်တို့ ပူးပေါင်းတပ်ဘက်က ထိခိုက်မှုကလည်းအများဆုံးဖြစ်တယ်ဗျာ”ဟု ဆိုသည်။
တိုက်ပွဲများကို ဒေါနစစ်ကြောင်း၊ ရေးမြို့နယ်အခြေစိုက် မဟာမိတ်အင်အားစုများဖြစ်သည့် ရေးပြောက်ကျားတပ်ဖွဲ့ – YGF ၊ မွန်ပြည်တော်လှန်ရေးတပ် – MSRF ၊ ABSDF တပ်ရင်း – ၁တို့ ပူးပေါင်းကာ စစ်ရေးဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာလ ၂၁ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာကိုရောက်ရှိလာကာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ပြီး ရေးမြို့နယ်ကျုံလောင်းရွာ ဘုန်းကြီးကျောင်းနှင့် အနီးပတ်ဝန်းကျင်တွင် စခန်းချတပ်ဆွဲထားသည်။
ပုံစာ_ရေးတိုက်ပွဲအတွင်း သိမ်းဆည်းရရှိသည့် စစ်အသုံးအဆောင်ပစ္စည်းများ။
Photo _YGF
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2191
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=5918