မိုးဗြဲတပ်ရင်း၂ ရင်းပူးပေါင်းပြီး စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်ဖို့ပြင်ဆင်နေ
***************************
သံလွင်ခက်
အောက်တိုဘာ ၂၃ ၊ ၂၀၂၃ ။
ရှမ်း–ကယားနယ်စပ်ဘက်မှာ အင်အား ၂၀၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေ လှုပ်ရှားနေပြီး မိုးဗြဲမြို့ထဲမှာလည်း စစ်ကောင်စီတပ်တွေက အင်အား ၁၀၀ ကျော်နဲ့ တပ်စွဲထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ် ။
စစ်ကောင်စီတပ်စစ်ကြောင်းတွေ ကရင်နီပြည်နယ်ထဲ ဝင်မလာနိုင်အောင် ခုခံကာကွယ်ဖို့နဲ့ မိုးဗြဲမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ မိုးဗြဲ PDF တပ်ရင်း ၂ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။
” ဖယ်ခုံနဲ့ပင်လောင်းကြားမှာ လွန်ခဲ့တဲ့ ၂ ပတ်လောက်က အင်အား၂၀၀ လောက်နဲ့ စစ်ကြောင်းလှုပ်ရှားတာ တွေ့တယ်။ ကရင်နီဘက်ကို စစ်ကြောင်းထိုးဖို့လားဆိုတာတော့ မသိရသေးဘူးပေါ့နော် “လို့ မိုးဗြဲ PDF တပ်ရင်း၂တာဝန်ရှိသူ ခွန်သိန်းဦး က ပြောပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းတွေကို အကောင်းဆုံးခုခံကာကွယ်နိုင်ဖို့အတွက် မိုးဗြဲ PDF တပ်ရင်း ၁ နဲ့ တပ်ရင်း ၂တို့ပူးပေါင်းပြီး ” မိုးဗြဲအတွက် ပွိုင့် 5 တစ်လက် ” ကမ်းပိန်းပြုလုပ်ထားပါတယ်။
” ကရင်နီပြည် တိုက်ပွဲဖြစ်တိုင်းမှာက စစ်ကောင်စီအဓိကအသုံးပြုနေတဲ့ လေကြောင်းအင်အားကို ခုခံဖို့အတွက်ပေါ့နော်။ ကျွန်တော်တို့က ပွိုင့် 5 တစ်လက် ကမ်းပိန်းပြုလုပ်ထားပါတယ်။ ဒီကမ်းပိန်းမှာလည်း အရမ်းအားနည်းနေသေးတယ်ပေါ့နော်။ ကျွန်တော်တို့မျှော်မှန်းထားတဲ့ Target နဲ့ အရမ်းအလှမ်းဝေးနေသေး တယ်” လို့ ခွန်သိန်းဦးက ပြောပါတယ်။
ကျပ်သိန်း ၅၀၀၀ ရည်မှန်းထားတဲ့ အဲဒီကမ်းပိန်းကို ပထမအကြိမ်အဖြစ် ၁ လကြာပြုလုပ်ခဲ့ပေမယ့် ၂၅ ရာခိုင်နှုန်းလောက်ပဲရခဲ့တာကြောင့် လက်ရှိမှာ Pad Pro ၊ ပန်းချီကား ၊ ဆိုင်ကယ်၊ ရွှေဆွဲကြိုး ၊ လက်စွပ် စတဲ့ ပစ္စည်းတွေနဲ့ မဲလက်မှတ်တွေရောင်းပြီး အကူအညီ ထပ်မံတောင်းခံထားပါတယ်။
မိုးဗြဲမြို့ရပ်ကွက်တွေထဲမှာ ပြီးခဲ့တဲ့ ဇွန်လကစပြီး ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကာကွယ်ရေးတပ်တွေက အကြိမ်ကြိမ်သွားရောက်တိုက်ခိုက်ခဲ့တာရှိပေမယ့် လက်ရှိအချိန်ထိတော့ နေရာအတော်များများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေသေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။
” မြို့အဝင်ထိပ်၊ အထွက်ထိပ်တွေ အဲ့လိုမျိုးနေရာတော်တော်များများမှာ သူတို့(စစ်ကောင်စီတပ်)ရှိတယ်။ရပ်ကွက်တွေထဲမှာလည်းရှိတယ်။ အဲ့ဒါက နေရာအတည်ပြောလို့မရဘူး ။ ဟိုနား တစ်ရက်၊ နှစ်ရက်နေ ၊ ဒီနား တစ်ရက်၊ နှစ်ရက်နေ အဲလိုရွှေ့နေတဲ့ အဖွဲ့တွေလည်း ရှိတယ်။ အတည်ထိုင်တဲ့အဖွဲ့တွေလည်းရှိတယ် ” လို့ မိုးဗြဲမြို့ခံ ၁ဦးကပြောပါတယ်။
စစ်ကောင်စီတပ်တွေ တပ်စွဲထားတာကြောင့် မြို့ခံအများစုဟာ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ နဲ့ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။
ပုံစာ–ပြီးခဲ့သောဇွန်လအတွင်း မိုးဗြဲမြို့တိုက်ပွဲမှ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ။
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2186
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=5914