ရခိုင်တွင် စစ်တပ်အင်အား ထပ်မံ တိုးချဲ့နေ
********
မိခိုင်၊ သံလွင်ခက်။
အောက်တိုဘာ ၂၁၊ ၂၀၂၃။
နှစ်ဖက် အပစ်အခတ် ရပ်စဲထားသော ရခိုင်ပြည်နယ်တွင် စစ်တပ်အင်အား ထပ်မံတိုးချဲ့နေသည်ဟု ဒေသခံများထံမှ သိရသည်။
ရခိုင်တွင် စစ်တပ်အင်အားတိုးချဲ့ခြင်းကို စဥ်ဆက်မပြတ် ပြုလုပ်နေပြီး လက်ရှိတွင်လည်း ထပ်မံတိုးချဲ့မှုများအားတွေ့ရသည်ဟု စစ်တွေမြို့နယ်၊ ရွှေပြည်သာ ကျေးရွာသား တစ်ဦးက ဆိုသည်။
“စစ်ကားတွေက အမြဲ အသွားအလာရှိတယ်။ သူတို့ ရိက္ခာတွေ၊ လူတွေ ထပ်ဖြည့်တာ ပို့တာ အမြဲတွေ့ရတယ်။တစ်ခါတလေ အစောင့်တွေ လမ်းမှာချပြီး ရိက္ခာ ပို့တာလည်းရှိတယ်” ဟု ၎င်းက ဆိုသည်။
စစ်တပ်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ရသေ့တောင်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး စသည့်နေရာများတွင် တပ်အင်အား၊ ရိက္ခာအင်အားများကို ယခုလအတွင်း အဓိက ဖြည့်နေခြင်း ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
ရသေ့တောင်မှ တက်ကြွလှုပ်ရှားသူ တစ်ဦးက “အခြေအနေကတော့ အေးဆေးဆိုပေမယ့် အခုရက်တွေမှာ ရေတပ်မှာရော ကုန်းဖက်တွေမှာပါ အင်အားတိုးနေတာ တွေ့ရတယ်။ နှစ်ဖက်က အင်အား ဖြည့်နေတာပါပဲ။ ဒါပေမယ့်စစ်တပ်က အဓိက ထပ်တိုးနေတာပဲ တွေ့တယ်” ဟု ပြောသည်။
ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်မှ စ၍ နှစ်ဖက်နားလည်မှုဖြင့် အပစ်အခတ် ရပ်စဲထားခြင်းဖြစ်သည်။
သို့သော် အခြေအနေအရ အချိန်မရွေး တိုက်ပွဲ ပြန်လည် ဖြစ်ပွားနိုင်သည့် အခြေအနေကြောင့် လက်နက်အင်အားဖြည့်နေခြင်းဖြစ်နိုင်ကြောင်း ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ဆိုသည်။
“စစ်တပ်တစ်ခုကတော့ အင်အားဖြည့်မှာပါပဲ။ စစ်ပွဲကလည်း အချိန်မရွေးပြန်ဖြစ်နိုင်တယ်လို့ ပြောထားတယ်။ သူတို့ဖက်ကလည်း ပြန်ဖြစ်ဖို့ အခြေအနေ တွေ့လို့ ဖြည့်တာ ဖြစ်မယ်။ ဖြစ်ချင်ရင် ဖြစ်ပေါ့။ ဖြစ်ရင် ကိုယ့်ဘက်ကအသားစီရဖို့အတွက် ဖြည့်တာ ဖြစ်မှာပါ“ဟု ၎င်းက ဆိုသည်။
ဒေသခံများအနေဖြင့်တော့ တိုက်ပွဲများ ပြန်ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။
မင်းပြား ဒေသခံ ကျောင်းဆရာမ တစ်ဦးက “အခု တိုက်ပွဲ ပြန်ဖြစ်မယ်ဆိုပြီးတော့ ပြောနေကြတယ်။ စစ်တပ်ကလည်း ညမထွက်ရ အမိန့်တွေ ဘာတွေ ပြန်သတိပေးတာတွေ လုပ်နေတာလည်း ရှိတယ်။ တိုက်ပွဲတော့ ပြန်မဖြစ်စေချင်ပါဘူး” ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်အနေဖြင့် စစ်တပ်အင်အား တိုးချဲ့ခြင်း၊ လက်နက်ကြီး စမ်းခြင်းများကို စဥ်ဆက်မပြတ် ပြုလုပ်နေခြင်း ဖြစ်သည်။
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2172
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=5906