ဘုန်းမောင်
အောက်တိုဘာ ၁၄၊ ၂၀၂၃။
နိဒါန်း
*****
လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလများတလျှောက် စစ်တပ်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အကြားအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်များချုပ်ဆိုခဲ့ကြသည်။ မြန်မာနိုင်ငံတွင်နိုင်ငံရေးအပြောင်းအလဲ များ စတင်လာခဲ့သည့် ၂၀၁၀ ခုနှစ်နောက်ပိုင်းကာလများတွင်ယူနီဖောင်းချွတ်ထားသော အရပ်သားတစ်ပိုင်း စစ် ဗိုလ်ချုပ်ကြီးများ၏အမည်ခံဒီမိုကရေစီအစိုးရတစ်ရပ်ပေါ်ထွန်းလာခဲ့သည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမကျင်းပခင် အောက်တိုဘာလ ၁၅ ရက်တွင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့နှင့် မြန်မာအစိုးရတို့အကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် – NCA ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သမ္မတဦးသိန်းစိန်နှင့် EAOအဖွဲ့အချို့တို့ကြားလက်မှတ်ရေးထိုးခဲ့သည့် အဆိုပါ သဘောတူ စာချုပ်လက်မှတ်ရေးထိုးပွဲကိုလေ့လာသူများအပြင် ကုလသမဂ္ဂ၊ ဗြိတိန်၊ နော်ဝေ၊ ဂျပန်နှင့် အမေရိကန်နိုင်ငံတို့က သံတမန်များ၊ပြည်တွင်းသက်သေများတက်ရောက်ခဲ့ကြသည်။ NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် မွန်ပြည်သစ်ပါတီ – NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး – LDU တို့ NCA တွင်ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသဖြင့် NCA လက်မှတ်ရေးထိုးသည့်အဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့ရှိလာခဲ့သည်။
သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့စွဲဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၁၅ ဖွဲ့ကိုဖိတ်ကြားပြီး ငြိမ်းချမ်းရေးကိုအတူလက်တွဲလုပ်ဆောင်ရန်စေ့စပ်ညှိနှိုင်းမှုများဆောင်ရွက်ခဲ့သည်။ သို့သော် လည်း မြန်မာအစိုးရ၏ဖိတ်ကြားမှုတွင်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအားလုံး ပါဝင်ခြင်းမရှိသောကြောင့် မြန်မာအစိုးရစီစဥ်သော NCAသည် တရားမျှတမှုမရှိဟု တချို့သောအဖွဲ့များကယူဆသောကြောင့် ဖိတ်ကြားမှုကို လက်မခံခဲ့ကြပေ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ပြင်းထန်သောထိုးစစ်များအပြင် အနန့်ပါနှင့်မုန်လိုင်ခက်ဖြစ်စဥ်များ ကြုံတွေ့ခဲ့ရသော ကချင်ပြည်နယ်၏ ကချင်လွတ်မြောက်ရေးတပ်မတော် – KIAသည်လည်း NCA တွင် ပါဝင် လက် မှတ်ထိုးသင့်၊ မထိုးသင့်ဆုံးဖြတ်နိုင်ရန်အတွက် ၂၀၁၅ ခုနှစ်ဩဂုတ်လ ၁၇ – ၁၈ ရက်များတွင် လိုင်ဇာရှိ ၎င်းတို့ ဌာနချုပ်တွင် လူထုဆွေးနွေးပွဲကျင်းပခဲ့သည်။မြန်မာအစိုးရ၏ဖိတ်ကြားမှုတွင် ရက္ခိုင့်တပ်တော် – AA ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA နှင့်မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA တို့ပါဝင်ခြင်းမရှိသည့်အတွက်KIO/KIA ကလည်း NCA တွင်ပါဝင်လက်မှတ်ရေးထိုးခြင်းမပြုရန် ကချင် လူထုကိုယ်စားပြုအရပ်ဘက်အဖွဲ့အစည်းများက လိုင်ဇာဆွေးနွေးပွဲတွင် တိုက်တွန်းအကြံပြုထားကြောင်း အဆိုပါဆွေးနွေးပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့သည့် ကချင်ငြိမ်းချမ်းရေးကွန်ရက်တာဝန်ခံ ဒေါ်ခွန်ဂျာကပြောကြောင်း RFA သတင်းတွင် ထိုစဥ်က ဖော်ပြခဲ့ပါသည်။
တကယ်တမ်းတွင်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် – NCA တွင်တစ်နိုင်ငံလုံးရှိ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးပါဝင်မှသာလျှင် အနှစ်သာရပြည့်ဝပေလိမ့်မည်။အားလုံးပါဝင်မှသာလျှင် KIO/KIA ကလက်မှတ်ထိုးပါဆိုသောတောင်းဆိုချက်သည်ကချင်ပြည်သူများ၏တောင်းဆိုချက်သာလျှင်မဟုတ်ဘဲတစ်နိုင်ငံလုံးရှိပြည်သူများ၏တောင်းဆိုချက်ဖြစ်သည်ဟု ဒေါ်ခွန်ဂျာက RFA သတင်းဌာနသို့ ထိုစဥ်၂၀၁၅ ခုနှစ်က ဖြေဆိုခဲ့ဖူးသည်။
အမှန်တကယ်တွင်လည်း တအောင်းလူမျိုးများနေထိုင်ရာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၃ခုနှစ်ကတည်းကစ ပြီး တိုက်ပွဲများဖြစ်ပွားနေခဲ့ပြီး နိုင်ငံတစ်ဝန်းလုံးတွင်ဖြစ်ပွားခဲ့သောတိုက်ပွဲများ၏ ၈၀ရာခိုင်နှုန်း အထိရှိခဲ့သည်။ ထို့ကြောင့်လည်း TNLAလိုအဖွဲ့အစည်းမျိုးမပါဝင်ဘဲလက်မှတ်ရေးထိုးခြင်းက အဓိပ္ပါယ်မရှိသော လက်မှတ်ရေးထိုးမှုမျိုးသာဖြစ်ပေလိမ့်မည်။
အဓိပ္ပါယ်ဖွင့်ဆိုမှု ဘုံသဘောတူညီချက်မရှိခဲ့သော NCA
*************************************************
NCA တွင်ပါဝင်လက်မှတ်ရေးထိုးခဲ့သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် – PNLO ၏ဦးဆောင်နာယ က ဗိုလ်မှူးကြီး ခွန်ဥက္ကာ ရေးသားပြုစုခဲ့သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် – NCA ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်များစာအုပ်တွင် ”NCAကိုလက်မှတ်ရေးထိုးခဲ့သော အစိုးရ – လွှတ်တော် – တပ်မတော်ဘက် နှင့် EAO (၈)ဖွဲ့(ဘက်နှစ်ဘက်)သည် NCA စာချုပ်ပါပြဋ္ဌာန်းချက်များ၏ အဓိပ္ပါယ်ဖွင့်ဆိုမှုအပေါ် တူညီသော အမြင်သဘောထားမရရှိခဲ့ကြသဖြင့်၊ ယခုအခါ NCA ကိုအကောင်အထည်ဖော်မှုတွင်အခက်အခဲကြုံတွေ့နေရခြင်းပင် ဖြစ်ပေသည်။ (ထိုစာအုပ်ငယ်ပြုစုစဥ်က မွန်ပြည်သစ်ပါတီနှင့်လားဟူဒီမိုကရက်တစ်အစည်း အရုံးတို့ NCA တွင် လက်မှတ်မရေးထိုးကြသေးပါ။ စာရေးသူ)အထူးသဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီ – Joint Monitoring Committee –JMC အဆင့်ဆင့်တွင် လုပ်ငန်းများဆောင်ရွက်ရာ၌ စစ်ရေးဆိုင်ရာ အသုံးအနှုန်း၊ဝေါဟာရအဓိပ္ပါယ်ဖွင့်ဆိုချက်များ ”ဘုံ”သဘောတူထားခြင်းမရှိခဲ့သဖြင့်အခက်အခဲတွေ့ရှိနေရပါသည်။ အပစ်ရပ် EAO များဘက်ကလည်းကောင်း၊ အစိုးရ /
တပ်မတော်ဘက်ကလည်းကောင်း၊ ပြဿနာတစ်ရပ်ကိုဖြေရှင်းရာတွင် မိမိဘက်သို့သာ(လိုရာဆွဲ)အဓိပ္ပါယ်ဖွင့် ဆိုနေကြသောကြောင့် ပြဿနာမဖြေရှင်းနိုင်ဘဲ ရှိနေနိုင်ပါသည် ဟုဖော်ပြထားသည်။
NCA လက်မှတ်ထိုးကြသည့်အချိန်တွင် အဓိပ္ပါယ်ဖွင့်ဆိုချက်စာတမ်းကိုပါတပါတည်းလက်မှတ်ရေးထိုးကြရန် သဘောတူထားခဲ့ကြသော်လည်း တကယ်တမ်း NCAထိုးသည့်အချိန်မှာတော့ အဓိပ္ပါယ်ဖွင့်ဆိုချက်စာတမ်းမှာ အသင့်အနေအထား ရှိမနေခဲ့ပါ။ ထို့ပြင်ညှိနှိုင်းသဘောတူရန်အတွက်လည်း အချိန်မလုံလောက်တော့ပါ။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအခင်းအကျင်း၊ အစိုးရအပြောင်းအလဲနှင့် အချိန်အကန့်အသတ်များကြောင့် NCAလက်မှတ် ရေးထိုးခြင်းနှင့် ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံခေါ်ယူကျင်းပရေးတို့တွင် ပိုမိုအာရုံစိုက်နေရ၍ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိစ္စမှာ ဦးစားပေးမခံရတော့ပါ။
အဓိပ္ပါယ်ဖွင့်ဆိုချက်ကဲ့သို့သော အရေးကြီးလုပ်ငန်းတစ်ရပ်လက်ဝယ်မရှိသောကြောင့် NCA ကိုလက်တွေ့အကောင်အထည်ဖော်ရာတွင် အခက်အခဲများပေါ်ပေါက်လာရခြင်းဖြစ်သည်ဟု ဦးခွန်ဥက္ကာကသုံးသပ်ခဲ့ပါသည်။
NCA ကိုယ်တိုင်သည်ပင် အားနည်းချက်
***********************************
ဦးသိန်းစိန်အစိုးရ၊ NLD အစိုးရနှင့် မြန်မာစစ်တပ်တို့က ဖော်ဆောင်ရန်ကြိုးပမ်းခဲ့ကြသောငြိမ်းချမ်းရေးလုပ်ငန်း စဥ်များသည် NCA အခြေပြုဖော်ဆောင်ခဲ့သောငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဖြစ်သည့်အတွက် NCA တွင်ပါဝင် လက် မှတ်မရေးထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင်များပါဝင်နိုင်ရန်က ပြဿနာတစ်ရပ်ဖြစ်ခဲ့သည်။ NCA ပြင်ပ သီးသန့်စာချုပ်သို့မဟုတ် သဘောတူညီမှုရယူပြီး ဖြေရှင်းနိုင်ရန်လမ်းစဖော်ဆောင်ရွက်ခြင်းမျိုးရှိခဲ့သော်လည်းအပြီးမသတ်နိုင်ခင်မှာဘဲ စစ်တပ်ကအာဏာသိမ်းခဲ့သည်။
ငြိမ်းချမ်းရေးဖြစ်စဥ်အတွက် ဆက်စပ်အခြေအနေများကိုကြည့်လျှင် ၂၀၂၀ ခုနှစ် ဩဂုတ်လ ၁၉ရက်တွင် ၂၁ ရာစု ပင်လုံ – ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (စတုတ္ထအကြိမ်အစည်းအဝေး)ကျင်းပခဲ့သော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဥ်က အကြပ်ရိုက်ကာပြေလည်ခြင်းမရှိခဲ့ပေ။မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကိုယ်တိုင်က အားနည်းချက်ဖြစ်ခဲ့ပါသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဆုံးဖြတ်ချက်များအတွက် အရေးပါသောပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ ကော်မ တီ – Union Peace Dialogue Joint Committee –UPDJC တွင်ပင် တိုင်းရင်းသားများ၏သဘောထား၊ ဆွေးနွေးချက်၊လိုလားချက်များလျစ်လျူရှုခံရခြင်းမျိုးရှိခဲ့သည်။ အဆိုးရွားဆုံးကိစ္စမှာ လုံခြုံရေးဆိုင်ရာကဏ္ဍ အတွက်ဆွေးနွေးကြ ရာတွင် ဆွေးနွေးမှုများရှေ့မရောက်သည့်အပြင် သဘောတူညီမှုလည်းတစ်ခုမျှ မရရှိခဲ့ခြင်း
ပင်။
တစ်ဘက်တွင်လည်း အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်မှု ပူးတွဲကော်မတီ – JMC ယန္တရားသည်လုပ်ငန်းဆောင်ရွက်မှု လမ်းညွှန်ချက်၊ မူဘောင်များဖြင့် ရှုပ်ထွေးနေခဲ့ပြီးလက်တွေ့ကျသောဖြေရှင်းပေးမှုများ အသက်မဝင်လာခဲ့ ပါ။ ထို့ပြင်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာညှိနှိုင်းအစည်းအဝေး – JICM ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အကြပ်ရိုက်မှုပြဿနာတွေကိုဖြေရှင်းပေးနိုင် စွမ်းမရှိခဲ့ပေ။
ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို ပိုမိုရှုပ်ထွေးခက်ခဲစေမည့် အခြေအနေများ ပေါ်ပေါက်လာစေသည်ကတော့စစ် အာဏာသိမ်းမှုဖြစ်သည်။ စစ်အာဏာသိမ်းမှုကြောင့် NCA အခြေခံထားသောငြိမ်းချမ်းရေးလုပ်ငန်းစဥ်များအားလုံး ရပ်တန့်သွားခဲ့ပြီး အသစ်အသစ်သောအင်အားစုများနှင့်အခင်းအကျင်းသစ်များ ပေါ်ပေါက်လာခဲ့ပါတော့သည်။
ဆက်လက်ဖော်ပြပါမည်။