မိုခါမုန်တိုင်း ၅ လပြည့်ပြီးနောက် ရခိုင်ပြည်အခြေအနေ
*********
မိခိုင်
အောက်တိုဘာ ၁၅၊ ၂၀၂၃။
နယ်ပယ်အသီးသီးက ပြည်သူများအမြင်
***********************************
၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်က မိုခါဆိုင်ကလုန်းမုန်တိုင်း ရခိုင်ပြည်နယ်တွင်းဝင်ရောက်တိုက်ခတ်ခဲ့ပြီး ယခု အောက်တိုဘာလ ၁၄ ရက်ဆိုလျှင် ၅ လတိတိ ပြည့်ခဲ့ပြီဖြစ်သည်။ သို့သော် ပြောင်းလဲမှုတစုံတရာ မရှိသေးဟုမြေပြင်တွင်ရှိနေသူများက ဆိုကြသည်။
ရခိုင်ပြည်သူများအနေဖြင့် မိုခါအလွန်တွင် ကုန်စျေးနှုန်းမြင့်တက်လာမှုကို ခံစားနေကြရပြီး အမိုးအကာရရှိရေးနှင့် နေအိမ်ပြန်လည်တည်ဆောက်ရေးပိုင်းတွင် အခက်အခဲများနှင့် ပိုမိုကြုံတွေ့နေရသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိကြုံတွေ့နေရသောအခြေအနေများနှင့်ပတ်သက်ပြီး အနယ်နယ်အရပ်ရပ်၌ ဒေသ အကျိုးပြုလုပ်ငန်း လုပ်ကိုင်နေသူများနှင့် မေးမြန်းချက်များအား ဖော်ပြလိုက်ပါသည်။
ကိုမင်းဘာချေ (တက်ကြွလှုပ်ရှားသူ)
*********************************
တစ်ခုမှ ပြောင်းလဲတာ မရှိသေးပါဘူး။ အပြောင်းအလဲလည်း မရှိဘူး။ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်း လုပ်လို့ မရဘူး။ စစ်ကောင်စီအနေနဲ့ တာ၀န်ယူမှု၊ တာ၀န်ခံမှုမရှိတဲ့အတွက်ကြောင့် ရခိုင်ပြည် မိုခါ တိုက်ခတ်ပြီး အလွန်မှာ ရခိုင်ပြည်သူတွေက အရင်အတိုင်းပဲ ရှိနေကြတယ်။ တစ်ဘက်မှာ ဘာဖြစ်လာလဲဆိုတော့ ပြည်သူတွေ အနေနဲ့ နိုင်ငံခြားထွက်ခွာတဲ့လူ တအားများလာတယ်။ အဲဒါက မိုခါပြီးနောက် ပြောင်းလဲမှုပဲ။ နိုင်ငံခြား ထွက်ခွာ သွားတဲ့သူ များလာတယ်။ အဲဒါက မိုခါပြီးဆုံးပြီးနောက် ရခိုင်ပြည်နယ်ရဲ့ အပြောင်းအလဲပါပဲ။
မိုးမီ (အမည်လွှဲ)၊ သတင်းထောက်
******************************
ကျွန်မတို့ ကွင်းဆင်းပြီး သတင်းယူနေတဲ့ အရဆိုရင် မနေ့ကအထိပေါ့နော်။ အဓိက ပိုက်ဆံရှိတဲ့ စီပွားရေး လုပ်ငန်း ရှင်တွေမှာဆိုရင် အိမ်တွေကို ပြန်ပြီးတော့ ဆောက်နိုင်ကြတယ်။ လက်လုပ်လက်စားတွေကျတော့ ပြန်ပြီး မဆောက်နိုင်တော့ဘူး။ အမျိုးတွေအိမ်မှာ ကပ်နေရတာတွေ ရှိတယ်။ နောက်ပြီး အိမ်။ တချို့လူတွေမှာလည်း ဝါးတွေ သစ်တွေ တစ်စ တစ်စ ကောက်ပြီး ဖြစ်သလို တဲဆောက်ပြီး နေကြတယ်။ ပြောချင်တာက နေဖို့ အိမ် မရသေးဘူးပေါ့။ ဒါက တစ်ပိုင်းပေါ့ ။ နောက်တစ်ပိုင်းက စီပွားရေးအပိုင်းမှာဆိုရင်လည်း လုပ်ငန်းရှင်အကြီးတွေကျတော့ အလုပ်ပိုင်းမှာလည်း ထိခိုက်မှုတွေ ရှိတယ်။ အရင်ကလောက် မလည်ပတ်နိုင်သေးဘူး။ လက်လုပ်လက်စားတွေက ပိုဆိုးတာပေါ့ ။ သူတို့မှာ အလုပ်အကိုင်အခွင့်အလမ်းရှာဖွေမှုကအစ ခက်ခဲသွားတယ်။ ဒါတွေကို နိုင်ငံပိုင် အစိုးရအနေနဲ့ ပြန်ကြည့်သင့်တယ်။
မအေးခိုင် (တောင်မင်းကုလားစစ်ဘေးရှောင်)
******************************************
ကျွန်မတို့ဘက်မှာ အိမ်တွေတည်ဆောက်ဖို့ အဖွဲ့အစည်းတွေက လာပေးတာ မရှိသေးဘူး။ ကိုယ်ထူကိုယ်ထ ရှာပြီး ဆောက်ကြတယ်။ တဲထိုးပြီးတော့ နေနေကြတယ်။ တာပေါ်လင်,စ အဟောင်းတွေ ပတ်ပြီး နေနေကြရတယ်။ တခြား အဖွဲ့အစည်းတွေက တာပေါ်လင်တို့ ဝါးတို့ ပေးမယ်လို့ ပြောကြတယ်။ အခုချိန်အထိတော့ ဘာမှ မပေးသေးဘူး။ စစ်ဘေးရှောင်တွေအနေနဲ့တော့ အလှူရှင်တွေကို မျှော်နေကြရတယ်။ အစိုးရဘက်ကလည်း ဘာထောက်ပံ့မှုမှမရှိတော့ အခက်အခဲတွေ များတယ်။ အလုပ်အကိုင်ကလည်းရှာမရတော့ ထူထောင်ရေးပိုင်းထက် စားဝတ်နေရေးကို ပိုဦးစားပေးနေရတယ်။ စခန်းမှာက အသစ်ဆောက်ဖို့အတွက် အခက်အခဲတွေရှိကြတော့ တာပေါ်လင်,စ ကာထားရတယ်။ ကျွန်မတို့စခန်းမှာတော့ ထူထောင်ရေးတစ်ခုမှ မစရသေးပါဘူး။ တစ်ဘက်မှာလည်း လုံခြုံရေးပိုင်းမှာလည်း အဆောက်အအုံတွေ လုံခြုံမှုမရှိတော့ ပိုပြီးတော့မှ စိုးရိမ်ကြတယ်။
ဆရာမ ဒေါ်စိုးစိုး (အလယ်တန်းပြ)
ကျောင်းတွေကတော့ ပြန်လည်ထူထောင်ရေးပိုင်းမှာက အများကြီး မတွေ့ရဘူး။ ပြိုသွားတဲ့ ကျောင်းဆောင်တွေကလည်း ပြန်မဆောက်ရသေးဘူး။ ယာယီဆောင်တွေလောက်ပဲ ပြန်မွမ်းမံထားတယ်။ ကျောင်းသားတွေ ကလည်း ရွာတွေမှာဆို ရွာထဲက အိမ်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ အသုတ်လိုက် ကျောင်းတက်နေကြရတယ်။ အထက်ကိုလည်း တင်ပြလို့ မရဘူး။ အကြောင်းထူးတာ မရှိဘူးလေ။ ကျောက်တော်ဘက်က တချို့နေရာတွေမှာ ဆိုရင် အခုထိ ကျောင်းမတက်ရသေးတဲ့ ကလေးတွေ ရှိသေးတယ်။ ပြိုသွားတဲ့ ကျောင်းကလည်း ပြန်မကျသေးဘူး။ ကျောင်းဆရာမတွေကလည်း မလာကြဘူး။ တချို့ အလှမ်းဝေးတဲ့ ရွာတွေမှာဆို လူကြီးတွေကလည်း လိုက်မလုပ်နိုင်တော့ ပညာသင်ခွင့် ဆုံးရှုံးကြတယ်။ အစိုးရအနေနဲ့ ထူထောင်ရေးပိုင်းမှာ အရမ်းအားနည်းတယ်လို့ မြင်တယ်။ ဘာမှ ထိထိရောက်ရောက် လုပ်ပေးထားတာ မရှိဘူး။ နယ်ဘက်တွေမှာ ပိုဆိုးတယ်။ ကျေးရွာတွေမှာ စစ်အစိုးရလုပ်ပေးတဲ့ ထူထောင်ရေးတွေ ဘာမှ မတွေ့ရဘူး။
ကိုအောင်မြင့်သူ (International Peace Youth Group)
****************************************************
ကျွန်တော်တို့ သိသလောက်ကတော့ နဂိုအတိုင်းလို့ပဲ သိရပါတယ်။ အစိုးရအနေနဲ့ ထူးထူးခြားခြား ပံ့ပို့ပေးတာ မတွေ့ရဘူး။ မြို့ပေါ်က ပညာရေးကျောင်းတွေကို လုပ်ပေးတာရှိတယ်။ ဒါပေမယ့် နယ်ဘက်တွေမှာကျတော့ မတွေ့ ရဘူး။ အထူးသဖြင့် ULA/AA ထိန်းချုပ်နယ်မြေတွေမှာဆို ပိုဆိုးတယ်။ သူတို့လုပ်မပေးချင်လို့ကို လုပ်မပေးတာတွေ တွေ့ရတယ်။ ဘာသာရေး အဆောက်အအုံတွေကလည်း ပြန်လုပ်ပေးတာ မရှိဘူးပေါ့။ တချို့နေရာတွေဆို သတင်းဌာနတွေလည်း သိပ်မရောက်တဲ့ နေရာတွေမှာဆို ပိုများတယ်။ အစိုးရကထောက်ပံ့တာ မတွေ့ဘူး။ ရခိုင်ပြည်သူတွေ တော်တော်များများကတော့ အကြွေးနွံ့နစ်တဲ့လူတွေ များနေပြီပေါ့ အခုဆို။ ၂ လ၊ ၃ လအတွင်း တော်တော်များများ အမိုးအကာအောက်ကို ရောက်ကြတာလည်း ချေးငှားတာတွေ ရှိမယ်။ တချို့ဆို နိုင်ငံခြား ထွက်တာတွေ ရှိလာတယ်။ ကျွန်တော်တို့ကြားတာ တစ်ခုတော့ရှိတယ်။ တချို့လူတွေက ပုံမှန် သံဖြူ ၇ ချပ် ရတဲ့ လူတွေမှာ ၁၄ ချပ်အထိ ရသွားတဲ့လူတွေလည်း ကြားရပါတယ်။ ဒါပေမယ့် အရမ်း နည်းတယ်ပေါ့။ အဲလို လူတွေက။ အများစုကတော့ ကိုယ်ထူကိုယ်ထ ကျောတလုံးစာအတွက် လုပ်ထားကြတာပဲ တွေ့ရတယ်။
ဓာတ်ပုံ – သံလွင်ခက်
ပုံစာ – မိုခါမုန်တိုင်းတိုက်ခတ်ပြီးစ ရခိုင်ပြည်နယ်တွင်းတစ်နေရာ။