သံလွင်ခက်
အောက်တိုဘာ ၃ ၊ ၂၀၂၃။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်က ကွတ်ခိုင်မြို့နယ်၊ ခိုမုန်းရွာခံအမျိုးသား ၁ ဦးကို စစ်ကောင်စီက ဖမ်းဆီး သွားခဲ့ပြီး ၂ ပတ်ကြာသည်အထိ အဆက်အသွယ်မရသေးဟု မိသားစုဝင် ၁ ဦး ကပြောသည်။
အသက် ၂၉ နှစ်အရွယ် အဆိုပါအမျိုးသားသည် မီးသွေးကျင်းတောထဲကနေ အိမ်ပြန်အလာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ပြီး အဖမ်းခံခဲ့ရခြင်းဖြစ်သည်။
မိသားစုဝင်အမျိုးသမီး ၁ ဦးက “ အကုန်လုံးက စိတ်ပူနေကြတယ်။ အခုချိန်ထိ သူ့သတင်း ဘာမှ မကြားရဘူး။ ဗမာစစ်သားကိုမေးတော့လည်း သူတို့မသိဘူး။ မတွေ့ဘူးပဲပြောတယ်” ဟု ပြောသည်။
သေဆုံးခြင်းရှိမရှိနှင့် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုသိရှိလိုပြီး နောက်ဆုံးအခြေအနေနှင့်ပတ်သက် ၍ မိသားစုကိုအသိပေးစေလိုကြောင်း ၎င်းက ဆက်ပြောသည်။ ဖမ်းဆီးခံရသောအမျိုးသားတွင် အသက်မပြည့် သေးသည့် ကလေး ၂ ယောက်လည်းရှိသည်။