ယမင်းဖူးပွင့်အောင်
ဇွန် ၆၊ ၂၀၂၃။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် သစ်ခိုးထုတ်နေသည့်ဖြစ်ရပ်အားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရNUG က ထိန်းချုပ်နိုင်ရန် အကန့်အသတ်များရှိနေသည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က သံလွင်ခက်ကိုပြောသည်။
သစ်ခိုးထုတ်နေသူများသည် သိန်းသောင်းချီ အကုန်အကျခံကာ လမ်းကြောတစ်လျှောက်ရှိ စစ်ကောင်စီ စခန်းများကို ကြိုတင် လာဘ်ထိုးပြီး ဆောင်ရွက်နေကြသည်ဟု ဆိုသည်။
အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးနိုင်ခြင်းမရှိဖြစ်ကာ အမျိုးသားညီညွတ်ရေးအစိုးရက လက်လှမ်းမမှီသည့် ဒေသများတွင် သစ်တောပြုန်းတီးမှုများ မြင့်တက်လာသည်ဟု ဒေါက်တာတူးခေါင်က ပြောသည်။
“စစ်အစိုးရခေတ်အဆက်ဆက်မှာ စစ်ဗိုလ်ချုပ်နဲ့ နီးစပ်ရာနီးစပ်ကြောင်း လမ်းကြောရှင်းပြီး လုပ်ကြတာတွေအများကြီးရှိတယ်။ ကုမ္ပဏီကြီးလိုလို၊ တရားဝင်လိုလိုနဲ့ တကယ်ကျတော့ ဘာတရားဝင်မှလည်းမဟုတ်ဘူး။ဥပဒေစိုးမိုးရေးဆိုတာက ဥပဒေနဲ့နှိပ်ကွပ်ရေးမဟုတ်ဘူး။ အုပ်ချုပ်သူလူတန်းစားတွေကိုပါ ဥပဒေနဲ့ အရေးယူလို့ရမယ့် ယန္တရားမျိုးကိုပြောတာ။ ဒါတွေမရှိတဲ့အခါကျတော့ မြန်မာနိုင်ငံမှာက ဖြစ်ချင်သလိုတွေဖြစ်နေတာ”ဟု ၎င်းကပြောသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ကို ကောင်းမွန်စွာထိန်းသိမ်းနိုင်ရန် ပြည်သူအားလုံးတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာရှိရန်နှင့် ပြည်သူလူထုနှင့် နီးကပ်စွာရှိနိုင်မည့် အစိုးရတစ်ရပ်လည်းလိုအပ်သည်ဟု ဒေါက်တာတူးခေါင်က ပြောသည်။
“ပြည်သူတွေကိုယ်တိုင်က အသိအမြင်ပြောင်းဖို့လိုသလို အစိုးရယန္တရားတစ်ခုလုံးရယ် ၊တည်ငြိမ်အေးချမ်းမှုရယ် ၊စီးပွားရေးပြုပြင်ပြောင်းလဲမှုရယ် အများကြီးလုပ်ဖို့လိုပါတယ်။ သယံဇာတ ကောင်းကောင်းမွန်မွန်ထိန်းချုပ်နိုင်ဖို့ဆိုရင် အစိုးရနဲ့ ပြည်သူတွေ ပိုပြီး နီးနီးကပ်ကပ်ရှိနေဖို့လိုအပ်ပါတယ်” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်မှုလျှော့ချရန်အပါအဝင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရန် ဥပဒေ၊နည်းဥပဒေများ ပြဌာန်းကာ ကော်မတီများဖွဲ့စည်းထားသော်လည်း အဆိုပါလုပ်ငန်းစဉ်များကိုတာဝန်ရှိသူများ လိုက်နာရန် ပျက်ကွက်သည်ဟု သဘာဝပတ်ဝန်ကျင်အရေးလေ့လာသူ ဒေါက်တာ ဝင်းဝင်း(အမည်လွှဲ)ကပြောသည်။
“ဥပဒေ၊နည်းဥပဒေတော်တော်များများကို နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ ကိုးကားပြီး ရေးဆွဲပြဌာန်းထားတာတွေရှိတယ်။ဒါပေမဲ့ စာအုပ်ထဲမှာသာရှိပြီး လက်တွေ့မှာအကောင်အထည်မဖော်ဘူး“ဟု ၎င်းက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင်သဘာဝသယံဇာတ ခိုးယူထုတ်လုပ်မှုသိသိသာသာ မြင့်တက်နေသည်ဟု သဘာဝပတ်ဝန်းကျင်အရေးလေ့လာစောင့်ကြည့်နေသည့် Global Witness က ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့ တွင် ထုတ်ပြန်ထားသည်။
ပုံစာ-(စစ်ကိုင်းတိုင်းအတွင်း တရားမဝင်ခုတ်ယူ ထုတ်လုပ်ထားသည့် သစ်များ/ပုံဟောင်း)
Photo-TZ
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1337
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=4963
Website ->https://eng.thanlwinkhet.net