သံလွင်ခက်
ဇွန် ၆၊ ၂၀၂၃။
စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားစဉ် လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားသည့် (အရပ်ခေါ်ပေါ်တာဆွဲ) စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်က ဒေသခံ ၁၁ ဦး အစုလိုက်အသတ်ခံခဲ့ရသည်ဟု ရှေ့တန်းရောက် ရဲဘော်များထံက သိရသည်။
ကောလင်းမြို့နယ်၊ မုတ်ဝကျေးရွာက အမျိုးသား ၆ ဦး၊ ချပ်ကုန်းကျေးရွာက ၂ ဦး၊ အင်လျာကျေးရွာက ၂ ဦးနှင့်ဖက်ခါးကုန်းကျေးရွာက ၁ ဦး ဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ပေါ်တာခေါ်သွားတဲ့ ပြည်သူတချို့က မနေ့က ပြန်ရောက်လာချိန် မေးကြည့်တော့ တချို့သူတွေကို လမ်းမှာအသတ်ခံရတယ် ပြောလို့ လိုက်ရှာတာ အစုလိုက်သေနေတဲ့ အလောင်းတွေ့ တွေ့တာပဲ” ဟု၎င်းက ပြောသည်။
သေဆုံးသွားသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်မှာ ၁၀ ရက်ခန့်ရှိပြီဖြစ်ပြီး ၎င်းတို့သည်အသက် ၃၄ နှစ်မှ ၅၀ ဝန်းကျင် အမျိုးသားများ ဖြစ်သည်ဟု ရှေ့တန်းရဲဘော်များထံကသိရသည်။
ပေါ်တာဆွဲခံရသည့် ဒေသခံနှစ်ဦးလည်း ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
သံလွင်ခက်က ရရှိထားသည့် မှတ်တမ်းဓာတ်ပုံများတွင် လက်များကို ကြိုးများဖြင့် ချည်နှောင်ထောင်ပြီး အထပ်လိုက် မှောက်လျှက်သေဆုံးနေသည်ကို တွေ့ရှိရသည်။
အဆိုပါစစ်ကောင်စီစစ်တပ်သည် မေလ ၂၃ ရက်နေ့က ခမောက်တောင်ကျေးရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ဒေသခံကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့အကြား ပြီးခဲ့သည့် ရက်သတ္တနှစ်ပတ်အတွင်းက စစ်ရေးတင်းမာလျက်ရှိကာ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။
ကောလင်းသည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားသည့် မြို့နယ်လည်းဖြစ်သည်။
ပုံစာ-(ကောလင်းမြို့နယ်ထဲက ကျေးရွာတစ်ရွာကို စစ်ကြောင်းထိုးမီးရှို့ခဲ့သည့် မြင်ကွင်းမှတ်တမ်း/ပုံဟောင်း)
Photo-Crd
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1335
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=4959
Website ->https://eng.thanlwinkhet.net