သံလွင်ခက်။
ဇွန် ၆ ၊ ၂၀၂၃။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေ၊ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။
တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ညောင်ဝိုင်းကျေးရွာမှတစ်ဆင့် နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
” လူနာတင်ကားတွေ တဝီဝီပဲ။ သေဆုံးတာတွေ ထိခိုက်တာတွေ များတယ်ထင်တယ်။ ညောင်ဝိုင်းမှာ စကစတွေလုံခြုံရေးယူပြီး ဒဏ်ရာရတဲ့သူတွေကို လူနာတင်ကားတွေနဲ့ ပို့နေတယ် ” ဟုဆိုသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်– KNLA ပူးပေါင်းစစ်ကြောင်းက ယနေ့ ဇွန်လ ၆ ရက် နံနက် ၄ နာရီမှစတင်ကာ ၈နာရီထိ နတ်သံကွင်း နယ်မြေရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းများကို ဝင်ရောက်တိုက်ခဲ့သည်။
ထို့နောက် နံနက် ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေသည့် နေရာများကို ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခဲ့သည်ဟု ရှေ့တန်းရောက်ရဲဘော်များထံက သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း KNLA ပူးပေါင်းစစ်ကြောင်းမှ ကာကွယ်တပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့ကာ စစ်ကောင်စီ အဓိကထောက်ပို့လမ်းကြောင်းဖြစ်သည့် ကွင်းချောင်းဝ – နတ်သံကွင်းကြားရှိ စစ်တောင်းမြစ်ကူးတံတားလည်း ကျိုးကျပျက်စီးခဲ့သည်။
ထိခိုက်ပျက်စီးမှုအခြေအနေ အသေးစိတ်အချက်လက်များကို ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုအပါအဝင် တော်လှန်ရေးအဖွဲ့များက ထုတ်ပြန်ထားခြင်း မရှိသေးဘဲ သံလွင်ခက်ကလည်း ဆက်လက်စုံစမ်းအတည်ပြုနေသည်။
ပုံစာ – နတ်သံကွင်း တိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1341
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=4967
Website ->https://eng.thanlwinkhet.net