ယမင်းဖူးပွင့်အောင်
ဇွန် ၆၊ ၂၀၂၃။
အာဏာသိမ်းကာလ နှစ်နှစ်ပြည့်ပြီးနောက်မှာတော့ စစ်ကောင်စီက မြို့နယ် ၄၄ ခုကို စစ်အုပ်ချုပ်ရေး ကြေညာပြီး ချင်းတောင်၊ ကရင်နီနဲ့ အညာဒေသမှာရှိတဲ့ နေရာအချို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့တာ ယနေ့အချိန်အထိပါ။
ထိုးစစ်တွေနဲ့ တိုက်ပွဲတွေအကြား စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှုတွေ ရှိသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်စခန်း စီးနင်းခံရမှု အပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင် သေဆုံးမှုတွေလည်း ရှိလာပါတယ်။
သံလွင်ခက်က စုဆောင်းထားတဲ့ စာရင်းတွေအရ အာဏာသိမ်းနှစ်နှစ်ပြည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ဧပြီလကုန်ထိ ၃လတာအတွင်း ကာကွယ်ရေးတပ်စခန်းပေါင်း ၂၀ ကျော် စီးနင်းခံခဲ့ရပါတယ်။
တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ စစ်ကိုင်းတိုင်းက စခန်း ၁၁ ခု၊ မကွေးတိုင်းက စခန်း ၁၀ ခုနဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ စခန်းတစ်ခု အပါအဝင် အညာဒေသက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စခန်း စုစုပေါင်း ၂၂ ခုခန့် စီးနင်းခံခဲ့ရတာပါ။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေကို လက်နက်အင်အား မပြည့်စုံသေးတဲ့ကြားက လက်လုပ်သေနတ်၊ မောင်းပြန် စတာတွေနဲ့ပဲ တိုက်နေကြတဲ့ အညာဒေသက ရဲဘော်တွေရဲ့ စိတ်ဓာတ်နဲ့ ခွန်အားဟာ စခန်း စီးနင်းခံရရုံနဲ့ ကျဆင်းမသွားဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။
ဒီစီနင်းမှုတွေ မတိုင်ခင်မှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်(PDF) တို့ကို ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ ၇၆ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ စစ်ကောင်စီခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံPDF တပ်ရင်းတပ်ဖွဲ့ ၃၀၀ ကျော်ရှိနေပြီး မြို့နယ် ၂၅၀ မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)အဖွဲ့တွေကို ဖွဲ့စည်းထားနိုင်ခဲ့တယ်လို့ NUG ပြောရေးဆိုခွင့်ရှိသူတွေက ဆိုထားပါတယ်။
စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေး ကြေညာပြီး တိုင်းမှူးတွေကို လုပ်ပိုင်ခွင့် တိုးပေးလိုက်ကတည်းက စစ်ရေးအရ ထိုးစစ်ဆင်လာမှာကို ခန့်မှန်းထားပြီးဖြစ်ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှုံးနိမ့်ခဲ့တာ မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချူပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်က သံလွင်ခက်ကို ပြောပါတယ်။
ကိုနေဘုန်းလတ်က“သူတို့ (စစ်အုပ်စု) သိမ်းပိုက်ဖို့ ကြိုးစားတာက ကြိုးစားတယ်။ ထင်တိုင်း မပေါက်တဲ့ အခြေအနေလို့ပဲ ပြောချင်ပါတယ်။ တကယ်တမ်း တော်လှန်ရေးမှာ ရှုံးနိမ့်နေတာ စစ်အုပ်စုတွေ၊ နေရာတိုင်းမှာ တိုးမပေါက်ပဲ ရာနဲ့ချီပြီး သေနေတာတွေ တွေ့နိုင်ပါတယ်” လို့ ပြောပါတယ်။
Grey ဧရိယာလို့ ခေါ်တဲ့ အပြည့်အဝ မစိုးမိုးနိုင်တဲ့ ဒေသအချို့က စခန်းအသေးတွေမှာ အခြေအနေအရ စခန်းကို ထားခဲ့ပြီး ဆုတ်ခွာရတာတွေရှိပေမယ့်လည်း တကယ်တမ်း တော်လှန်ရေးမှာ ရှုံးနိမ့်နေတာက စစ်အုပ်စုသာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
မေလ ၃၀ ရက်က ထုတ်ပြန်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ကာကွယ်ရေးကဏ္ဍအခြေပြစာတမ်းမှာတော့ အာဏာသိမ်းစစ်အုပ်စုအနေနဲ့ တိုင်းပြည်ရဲ့ ၄၅ ရာခိုင်နှုန်းအောက်ကိုသာ ထိန်းချုပ်မှုနဲ့ စိုးမိုးမှု ရှိတော့တယ်လို့ ဆိုထားပါတယ်။
ရေစကြိုမြို့နယ်ဘက်ကနေ မြောင်နယ်ထဲကို တကျော့ပြန် ဝင်ရောက်လာတဲ့ ဘီလူးစစ်ကြောင်းဟာလည်း မတ်လ ၃၀ ရက်မှာ ဆွဲလွဲအိုရွာအနီးက စစ်ကိုင်းခရိုင် တပ်ရင်းအမှတ်-၁ တပ်ခွဲ-၃ စခန်းကို စစ်ကြောင်း နှစ်ကြောင်း ထိုးပြီး စီးနင်းတိုက်ခဲ့ပါတယ်။
တာတိုင်ရွာ အစုလိုက်သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ အဲဒီစစ်ကြောင်းဟာ ဒီတစ်ကြိမ်မှာလည်း အရပ်ဝတ်တွေနဲ့ လျှပ်တပြက် စီးနင်းတိုက်ခိုက်ခဲ့လို့ ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်းအပါအဝင် ရဲဘော် သုံးဦး ကျဆုံးခဲ့ရတယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ရဲဘော်တွေဆီက သိရပါတယ်။
“ဝင်စီးမယ် ဆိုတဲ့ သတင်းရထားတာတော့ ကြာပြီ။ သတိနဲ့ နေကြတယ်။ ကင်းအနေနဲ့ ကာတယ်။ ကျွန်တော်တို့ ကာတဲ့ ဘက်ကနေ မလာဘဲ ဝိုက်ပြီးတော့ အင်အား ၈၀ ကျော်နဲ့ နောက်ကျောဘက်ကနေ ဝင်စီးတာ။ သူတို့က သေနတ်ကို တစ်ချက်မှ မဖောက်ဘူး။ စခန်းဘေးကပ်ပြီဆိုမှ တရစပ် ပစ်ဝင်တာ” လို့ စခန်းအသိမ်းခံလိုက်ရတဲ့ စစ်ကိုင်းခရိုင် တပ်ရင်း ၁ တပ်ခွဲ ၃ ရဲ့ တပ်ခွဲမှူး ကိုမင်းဒေဝါက အဲဒီတုန်းက ဖြစ်စဉ်ကို ပြန်ပြောပါတယ်။
MOD လက်အောက်ခံတပ်ရင်းဖြစ်ပေမယ့် တပ်ခွဲ တစ်ခုလုံးမှာမှ မောင်းပြန်သေနတ် တစ်လက်ပဲ ရှိပြီး လက်နက်အင်အားသာ အလုံအလောက်ရှိမယ်ဆိုရင် အနည်းဆုံးတော့ တပ်ဖွဲ့ဝင်တွေ အန္တရာယ်ကင်းကင်း ဆုတ်ခွာနိုင်မယ်ဆိုတဲ့ ယူဆချက်နဲ့အတူ ကျဆုံးခဲ့ရသူတွေအတွက် သူဟာ ယူကြုံးမရ ဖြစ်နေပါတယ်။
ဒါ့အပြင်PDF ပုံစံ အယောင်ဆောင်ပြီး ရွာစဉ်အလိုက် စစ်ကြောင်းထိုးနေတဲ့ ဘီလူးစစ်ကြောင်းဟာ မတ်လ ၁၉ ရက်မှာလည်း ကင်းအထပ်ထပ်ချထားတဲ့ ကြားကနေ ရေစကြိုရေလယ်ကျွန်းဒေသက စခန်းတစ်ခုကို စီးနင်းခဲ့ပါသေးတယ်။
PDF ယူနီဖောင်းတွေ၊ တီရှပ်အင်္ကျီတွေ ဝတ်ဆင်လာတာကြောင့် ရွာခံပြည်သူတွေဟာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလို့ ထင်မှတ်ကာ ကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ်။
“အင်အားက ၆၀ကျော်လောက်ပဲ။PDF ဘတ်တံဆိပ်တွေလည်း ပါတော့ ရွာသားတွေက ထွက်ကြိုကြတာ” လို့ Shwe Lal Kyun PDF အဖွဲ့တာဝန်ခံ ဗိုလ်ဗန်ဒိန်းက စစ်ကောင်စီတပ်ရဲ့ ပုံမှားရိုက်တဲ့ အကြောင်းကို ပြောပါတယ်။
ထွက်ကြိုဆိုတဲ့ ရွာသား နှစ်ယောက်ကို ပစ်ခတ်ခဲ့ပြီး ရွာထဲကို စီးနင်းဝင်ရောက်ကာ အနီးနားမှာ ရှိတဲ့Shwe Lal Kyun PDF စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
“ရွာဦးကနေ ပစ်ဝင်ချိန် ကင်းသမားတွေက စက်လှမ်းပေါက်တာနဲ့ ပြည်သူတွေ ပြောပြီး ရွာထဲကနေ ရွာအနောက်အထိ ဆုတ်ခဲ့ရတာဗျ” လို့ အသက်မသေဘဲ လွတ်မြောက်လာတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
ပြည်သူကို ကာကွယ်ရမယ်လို့ သစ္စာဆိုထားတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အရပ်သားပြည်သူကိုပါ ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ရင်ဆိုင်ရချိန်မှာ အပြည့်အဝ စစ်အရှိန် တင်လို့ မရတဲ့ အခြေအနေတွေရှိနေတယ်လို့CDM ဗိုလ်ကြီးတစ်ဦးက ရှုမြင်ပါတယ်။
“စစ်ကောင်စီကို ပြန်တိုက်ဖို့ထက် ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေပါ ပြန်ကာကွယ်ရင်း ရှေ့ရောက်ဖို့ နှောင့်နှေးနိုင်တယ်” လို့ သူက ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြားကာလ ဒေသန္တရအုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ ပြည်သူ့အုပ်ချုပ်ရေးရုံးတွေကိုလည်း စစ်ကောင်စီဘက်က ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ရှိနေပါတယ်။
မြိုင်မြို့နယ်၊ မကျည်းကန်ကျေးရွာ ကျေးလက်ဆေးပေးခန်းမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဆေးကုသမှု ခံယူနေတယ်ဆိုတဲ့ သတင်းပေးပို့မှုကြောင့် ဧပြီ ၁၈ ရက်က စစ်ကောင်စီတပ်တွေဟာ စစ်ဘက်သုံး ရဟတ်ယာဉ် သုံးစီးကို အသုံးပြုပြီး ဆေးပေးခန်းနဲ့ ကျေးရွာပအဖ(ပြည်သူ့အုပ်ချုပ်ရေး) ရုံးတွေကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၁၆ ဦးကို ဓားစာခံအနေနဲ့ ဖမ်းဆီးကာ ရွာထဲက ထွက်ခွာသွားခဲ့တယ်လို့ မြိုင်အခြေစိုက် ဂဠုန်တပ်ရင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ကျန်းမာရေးပစ္စည်းတွေ ဖျက်ဆီးသွားတယ်။ ပအဖရုံးအပါအဝင် နေအိမ် လေးလုံး ပါတယ်။ ကားတွေရော၊ ဆိုင်ကယ်တွေရော မီးရှို့သွားတယ်။ ဘာမှ မခုခံနိုင်ခဲ့ဘူး” လို့ မြေပြင်အခြေအနေကို ပြောခဲ့ပါတယ်။
ရေစကြိုမြို့နယ် သမန္တပို့ရွာအနီးက ကျေးလက် ပအဖရုံး တစ်ခုဟာလည်း သတင်းပေးပို့သူကြောင့် မတ်လ ၃၁ ရက်မှာ ဝင်ရောက်စီးနင်းခံရပြီး ကာကွယ်ရေးတပ်ဖွဲ့ရဲဘော် သုံးဦး ကျည်ထိမှန်ကျဆုံးခဲ့ကာ နှစ်ဦးကတော့ အရှင်ဖမ်းဆီးခံခဲ့ရတယ်လို့ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကနေ သိရပါတယ်။
“သတင်းပေးပါတယ်ဗျ။ အတိအကျကို လိုက်ပြတာဗျာ။ ပြောင်းခင်းတွေ ခံနေတော့ ကင်းက အနားရောက်မှ မြင်တာ၊ ၁၀ ပေကွာလောက် အနီးကပ်ကို ပစ်ခဲ့ကြတာ” လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ခြေလျင်စစ်ကြောင်း ထိုးတာတွေကိုတင်မကဘဲ လက်နက်ကြီးအပါအဝင် လေကြောင်း အသုံးပြု ထိုးစစ်ဆင်နေတာတွေကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က မဆုတ်တမ်း ခံစစ်ပြုလုပ်ဖို့ လက်နက်အင်အား မလုံလောက်တာကြောင့် ယာယီခံစစ်ပဲ ခုခံနိုင်သေးတာဖြစ်တယ်လို့CDM ဗိုလ်ကြီး ဇင်ယော်က မှတ်ချက်ပြုပါတယ်။
“ခံစစ်မှာဆိုရင် ယာယီ ခံစစ်ရယ်၊ မဆုတ်တမ်း ခံစစ်ရယ် ရှိမယ်။ မဆုတ်တမ်းခံစစ်က တော်လှန်ရေးအင်အားစုတွေ လုပ်ဖို့ မလွယ်ဘူး။ ဘာလို့ဆိုတော့ စစ်ကောင်စီလို လက်နက်ကြီး ပစ်ကူတွေ လေကြောင်း ပစ်ကူတွေ မရှိဘူး”လို့ သူက ပြောပါတယ်။
ရေစကြိုဒေသမှာရှိတဲ့Myingyan Black Tiger အဖွဲ့ရဲ့ ဌာနချုပ်စခန်းကိုလည်း စစ်ကောင်စီ ဘီလူးကွန်မန်ဒိုစစ်ကြောင်းက မတ်လ ၁၈ ရက်မှာ လာရောက်တိုက်ခဲ့ပြီး တစ်နေ့တည်းမှာပဲMBT အဖွဲ့ရဲ့ ရေစကြို အမှတ် ၂ စခန်းကိုပါ ဝင်ရောက်စီးနင်းခဲ့ပါတယ်။
Myingyan Black Tiger အဖွဲ့ဝင်တွေ အန္တရာယ်ကင်းကင်း ဆုတ်ခွာနိုင်ခဲ့ပြီး ချက်ချင်း ပြန်လည် ထိုးစစ်ဆင်ဖို့ လုပ်ခဲ့ပေမယ့် ဌာနချုပ်အနီးက ရွာခံပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းပြုလုပ်ထားတာကြောင့် အပြည့်အဝ မတိုက်နိုင်ဘဲ စခန်း စွန့်ခွာခဲ့ရတာတွေလည်း ရှိတယ်လို့MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဆိုပါတယ်။
ဒီလို စခန်းသိမ်းခံရတဲ့ ဖြစ်စဉ်အများစုဟာ သတင်းပေးမှုအပါအဝင် စကားပြောစက်တွေကလည်း ဖြစ်နိုင်တယ်လို့ ဗိုလ်မိုက်ခဲကတော့ သုံးသပ်ပါတယ်။
“ဒလန်၊ ပျူစောထီးကို ပိုမုန်းတယ်။ စစ်ကောင်စီတပ်သားတွေက ကျွန်တော်တို့ တော်လှန်ရေးသမားမှန်း မသိဘူး။ ပျူစောထီး ဒလန်တွေက ပြည်သူတွေကပဲ ပေါက်ဖွားလာတာဖြစ်တဲ့အတွက် တော်လှန်ရေးသမားတွေကို သိတယ်” လို့ သူက ပြောပါတယ်။
MBT အဖွဲ့ကို တည်ထောင်ခဲ့တာ အခုဆိုရင် ၁ နှစ်နဲ့ ၂ လ ခန့်ရှိပြီး စုစုပေါင်း စခန်းစီးနင်းခံရမှု ငါးကြိမ်လောက် ကြုံတွေ့ခဲ့ရဖူးပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အချင်းချင်း စည်းလုံးညီညွတ်ကြဖို့နဲ့MBT အဖွဲ့အနေနဲ့ နောက်ထပ် စခန်းစီးနင်းခံရတဲ့ အခြေအနေမျိုးအတွက် အသက်ကိုပါ စတေးခံမယ့် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ အနာဂတ်က ပျောက်ဆုံးသွားပြီ။ နောက်လာမယ့် မျိုးဆက်သစ်တွေအတွက် ရည်ရွယ်တာ။ နောက်ဆုံးစခန်းကို အစီးခံရရင် သူသေ ကိုယ်သေ ဆိုပြီး ကျွန်တော်တို့ မိုက်မိုက်ကန်းကန်း ပြင်ဆင်ထားတာတွေ ရှိပါတယ်” လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။
နှစ်ဖက်ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးပြီး တော်လှန်ရေး အင်အားစုတွေဘက်ကလည်း စစ်ကောင်စီဘက်က စခန်းတွေကို ပြန်လည် ထိုးစစ်ဆင် သိမ်းပိုက်နိုင်တာတွေ ရှိနေပါတယ်။ ဒါကြောင့်Pdf စခန်းတွေကို စီးနင်းနိုင်လို့ စစ်အုပ်စုဘက်က အသာစီးရနေဆိုပြီတဲ့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေရဲ့ ပြောဆိုမှုတွေဟာ စိတ်ဓာတ်ကျနေတဲ့ စစ်ကောင်စီတပ်သားတွေကို နှစ်သိမ့်တာပဲဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြက်ရယ်ပြုကြပါတယ်။
တော်လှန်ရေးအင်အားစုတွေ ရှင်သန်နေသရွေ့ အညာဒေသကို စစ်အုပ်စုလက်ထဲ မရောက်စေရဘူးလို့ သန္နိဌာန်ချထားကြတာပါ။
“နောက်မျိုးဆက်သစ်တွေ ခေတ်မှာ အာဏာရှင်ဆိုတာ ပုံပြင်တစ်ခုပဲ ဖြစ်နေရမယ်” လို့ပြောတဲ့ အညာဒေသက တော်လှန်ရေးစိတ်ဓာတ်ပြင်းပြကြတဲ့ ရဲဘော်တွေကတော့ မြေကြီးရှိတဲ့နေရာတိုင်းက သူတို့ရဲ့စခန်းပါပဲလို့ ဆိုကြပါတယ်။
ဓါတ်ပုံ – တောတွင်းတစ်နေရာတွင် လေ့ကျင့်နေသော လူငယ် PDF များ (သံလွင်ခက်)