ကောင်းချစ်အောင်
မေ ၃၁ ၊ ၂၀၂၃ ။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေးမြို့ ကျုံးနှင့်နီးပြီး စစ်ကောင်စီ၏ အရာရှိနေအိမ်များနှင့် ရုံးများကို လျှပ်စစ်ဖြန့်ဝေပေးနေသည့် ဓာတ်အားခွဲရုံအား ဗုံးခွဲ ဖျက်ဆီးခဲ့သည်ဟု No More Dictatorship People Defense Force-NMD တာဝန်ခံ ကိုZeusက သံလွင်ခက်ကိုပြောသည်။
မန္တလေးတိုင်း၊ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်၊ ၆၆လမ်း၊ ၁၇လမ်းနှင့် ၁၈လမ်းကြား ကျုံးအရှေ့ဘက်ရှိ နန်းရှေ့တိုက်တော် လျှပ်စစ်ဓာတ်အားခွဲရုံအား ယမန်နေ့နံနက်ပိုင်းက လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဓာတ်အားခွဲရုံးသည် စစ်ကောင်စီခန့် ဝန်ကြီးချုပ်နေအိမ်၊ ရဲချုပ်၊ရဲမှုးများ၊ စစ်ကောင်စီဘက်မှ အကြီးပိုင်းလူကြီးနေအိမ်များအပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး စသည့်နေရာများကို အဓိကလျှပ်စစ်ဓာတ်အားဖြန့်ဝေပေးသည့် နေရာဖြစ်သောကြောင့် နံနက်၁၀နာရီဝန်းကျင်တွင် လက်လုပ်ဗုံးပစ်သွင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုNo More Dictatorship People Defense Force-NMD တာဝန်ခံ ကိုZeusက သံလွင်ခက်ကိုပြောသည်။
“လုပ်ရတဲ့ရည်ရွယ်ချက်က သူတို့ပဲ မီးအပြည့်ယူပြီး ပြည်သူကို မီးမပေးလို့ပေါ့ စစ်ကောင်စီရဲ့ ယန္တရားဖြစ်တဲ့ရုံးတွေ အလုပ်ပျက်အောင် မီးဖြတ်ချင်တဲ့သဘောပါ“ဟု ၎င်းကဆိုသည်။
ဗုံးပေါက်ကွဲမှုကြောင့် AG 20000ဗို့အားရှိ Transformer အိုးပျက်စီးသွားပြီး သိန်းတစ်ရာခန့်ဆုံးရှုံးသွားသည်ဟုစစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ကျုံးနှင့် နီးသည့်အပြင် အသွားအလာများသည့် နေရာဖြစ်သောကြောင့်သတိထားလုပ်ဆောင်ခဲ့ရပြီး UGရဲဘော်များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။
အဆိုပါဗုံးပေါက်ကွဲမှုအပြီး နေ့လယ်ပိုင်းမှစ၍ စစ်ကောင်စီအနေဖြင့် တစ်မြို့လုံးအနှံ့ ပိတ်ဆို့စစ်ဆေးမှုများလုပ်ဆောင်ခဲ့သည်ဟု သိရသည်။
မန္တလေးမြို့ရှိ ရပ်ကွက်အများစုကို ခြောက်နာရီခြားတစ်ခါ လျှပ်စစ်မီးအလှည့်ကျပေးလျက်ရှိပြီး စစ်ကောင်စီတပ်အခြေစိုက်ရုံးများနှင့် အစိုးရအဖွဲ့ရုံးများမှာ အချိန်ပြည့် လျှပ်စစ်မီးရရှိနေသည်ဟု သိရသည်။
ပုံစာ–ဗုံးပေါက်ကွဲမှုအပြီး ပျက်စီးမှုများကို စစ်ဆေးနေသည့်မြင်ကွင်း(စစ်ကောင်စီတယ်လီဂရမ်ချန်နယ်)
*******
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1268
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4750
Website ->https://eng.thanlwinkhet.net