သံလွင်ခက်
မေ ၃၁ ၊ ၂၀၂၃ ။
လက်ရှိအာဏာသိမ်းကာလအတွင်း၌ ပေါ်ပေါက်လာသည့် တော်လှန်ရေးတပ်ဖွဲ့များအနက် အင်အားအတောင့်တင်းဆုံးနှင့်စုဖွဲ့မှုအကောင်းဆုံး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF သည် တပ်ရင်း ၂၂ ရင်းထိ ဖွဲ့စည်းထူထောင်ထားနိုင်သည်ဟု သိရသည်။
၂၀၂၁ ခုနှစ်၊ မေလ ၃၁ရက်တွင်စတင်ထူထောင်ခဲ့သည့် KNDF သည် နှစ်နှစ်တာကာလအတွင်း၌ ကရင်နီပြည်တစ်ပြည်လုံးအတိုင်းအတာဖြင့် တပ်ရင်း ၂၂ ရင်း၊ ဗျူဟာ ၆ ခုခွဲကာ ကရင်နီပြည်နေရာအနှံ့တွင် တိုက်ပွဲဝင်လျက်ရှိသည်ဟု ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC က ယနေ့တွင်ထုတ်ပြန်ကြေညာသည်။
KNDF သည် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ၏ နိုင်ငံရေးလမ်းညွန်မှုကိုခံယူလျက် ကရင်နီပြည်သူလူထုတစ်ရပ်လုံး၏ လုံခြုံရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေရာ ၂၀၂၂ ခုနှစ်တွင်း၌ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၏ စစ်ဖက်ဆိုင်ရာအက်ဥပဒေကိုလည်း ပြဋ္ဌာန်းနိုင်ခဲ့သည်။
ထို့ပြင် တပ်ဖွဲ့များကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် လိုအပ်သောအမိန့်ပေးစနစ်များ၊ ဌာနများကိုဖွဲ့စည်းကာစုပေါင်းခေါင်းဆောင်မှုဖြင့် အပြန်အလှန်အထောက်အကူပြု ဆောင်ရွက်လျက်ရှိသည်ဟု KSCC ကဖော်ပြထားသည်။
KNDF အပါအဝင် တော်လှန်ရေးတပ် အစုအဖွဲ့များအားကောင်းသည့် ကရင်နီပြည်တွင် ၂၀၂၁ ခုနှစ်မေလကတည်းက ယခုနှစ်မေလအထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေခဲ့ရာ နှစ်နှစ်တာကာလအတွင်း၌ တိုက်ပွဲပေါင်း၁၀၀၀ ကျော်ဆင်နွှဲထားပြီးဟု KNDF ကထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲများအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀၀ ကျော်ကိုသုတ်သင်ရှင်းလင်းထားနိုင်ပြီး KNDF တပ်ဖွဲ့ဝင် ၁၅၃ ဦးကျဆုံး၌ ၇၅ ဦးကိုယ်လက်အင်္ဂါများဆုံးရှုံးထားခဲ့ရသည်ဟု KSCC ထံမှသိရသည်။
အာဏာသိမ်းကာလတစ်လျောက်လုံး ခုခံတော်လှန်စစ်အားကောင်းနေခဲ့သည့် ကရင်နီပြည်ကို စစ်ကောင်စီကအကြိမ်ကြိမ်ထိုးစစ်ဆင်လျက်ရှိနေသည်။
စစ်ကောင်စီသည် ယခုနှစ်ဖေဖော်ဝါရီလ တတိယပတ်မှစ၍ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းအပါအဝင် ကရင်နီပြည်မြို့နယ်တချို့နှင့် ရှမ်း–ကယားနယ်စပ်တို့တွင် မြေပြင်၊ ဝေဟင်တို့မှ ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲများဆက်တိုက်ပြင်းထန်ဖြစ်ပွားနေသည့်မှာ သုံးလကျော်လာပြီဖြစ်သည်။
ပုံစာ–ရှေ့တန်းစစ်မြေပြင်မှ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲဘော်များ ။
*******
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1270
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4756
Website ->https://eng.thanlwinkhet.net