သံလွင်ခက်
မေ ၃၁ ၊ ၂၀၂၃ ။
လက်ရှိအာဏာသိမ်းကာလအတွင်း၌ စစ်ကောင်စီတပ်များကို အပြင်းထန်ဆုံး ခုခံတော်လှန်တိုက်ခိုက်နေသည့်ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF သည် ဝါရင့်ပြီး ရည်မှန်းချက်တူညီသော တော်လှန်ရေးအဖွဲ့အစည်းကြီးများ၏ ပံ့ပိုးကူညီမှုများစွာကို ရရှိခဲ့သည်ဟု ယနေ့တွင် KNDF ကထုတ်ပြန်ကြေညာသည်။
၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်နေ့ ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ထူထောင်ခြင်း နှစ်နှစ်ပြည့်နေ့ကြေညာချက်တွင် ကရင်အမျိုးသားအစည်းအရုံး KNU ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့ထံမှ စစ်သင်တန်းနှင့်စစ်ရေးနည်းနာများစွာကိုရရှိခဲ့သည်ဟု ဆိုသည်။
ထို့ပြင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် MNTJP/MNDAA ၊ PSLF/TNLA နှင့် ULA/AA တို့ထံမှ လက်နက်ခဲယမ်းများနှင့် တန်ဖိုးမဖြတ်နိုင်သည့်စစ်ရေးအကူအညီများကို ရရှိခဲ့သည်ဟု KNDF က ကြေညာသည်။
KNDF သည် တော်လှန်ရေးအဖွဲ့အစည်းကြီးများ၏ အကူအညီများစွာကိုရရှိနေသည့်အပြင် ဒေသတွင်း၌လည်းကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ကရင်နီအမျိုးသားတပ်မတော် KA တို့၏ ဦးဆောင်မှုဖြင့် အကောင်းဆုံးပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုသည်။
တစ်တိုင်းပြည်လုံး ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးနှင့်ကရင်နီပြည်နယ်အား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိသည့်ဖက်ဒရယ်အဖွဲ့ဝင်ပြည်နယ်တစ်ခုအဖြစ်တည်ဆောက်ရေးတို့အတွက် အာဏာသိမ်းစစ်ကောင်စီကို တွန်းလှန်ရန်KNDF အားဖွဲ့စည်းထူထောင်ခဲ့သည်မှာ ယနေ့တွင် နှစ်နှစ်ပြည့်မြောက်ပြီး ဖြစ်သည်။
KNDF သည် နှစ်နှစ်တာကာလအတွင်း၌ အာဏာသိမ်းစစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ခဲ့သည့်တိုက်ပွဲပေါင်း၁၀၀၀ ကျော်ဆင်နွှဲထားခဲ့ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ဖွဲ့ဝင် ၁၅၃ ဦး ကျဆုံးခဲ့ရသည်ဟု သိရသည်။
ပုံစာ–ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ဖွဲ့ဝင်များနှင့် ကရင်နီပြည်သူများ ။
*******
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1267
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4740
Website ->https://eng.thanlwinkhet.net