သံလွင်ခက်
မေ ၂၈၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အရှေ့ဘက်တွင် ယမန်နေ့ မေလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်မှ မွန်းလွဲ ၆နာရီခန့်က ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား နှစ်ကြိမ်တိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရှေ့တန်းရဲဘော်များထံက သိရသည်။
အင်အား ၇၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ စစ်ရေးလှုပ်ရှားစဉ် အင်ငူကျေးရွာနှင့် စန်လယ်ကျေးရွာအကြားတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိသည်ဟု ရှေ့တန်းရောက်ရဲဘော်တစ်ဦးကသံလွင်ခက်ကို ပြောသည်။
“သူတို့ဘက်ကတော့ တစ်နေရာမှာ သေဆုံးသူအလောင်းနှစ်လောင်း တွေ့တယ်။ ဆေးကုထားကြတဲ့ အခြေအနေလည်း တွေ့ရတယ်” ဟု ၄င်းကပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ခြေမြန်တပ်ရင်း ခ.မ.ရ (၃၆၉) တပ်ရင်းဖြစ်ပြီး ကောလင်းမြို့မှ စစ်ကြောင်းထိုးလာခြင်းဖြစ်ကာ ကောလင်းအရှေ့ခြမ်းသို့ စစ်ရေးလှုပ်ရှားနေသည့် အဖွဲ့ဖြစ်သည်။
ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည့် စစ်ကြောင်းသည် ယခုလ ၂၃ ရက်နေ့က ခမောက်တောင်ကျေးရွာတွင် နေထိုင်သည့် ပြည်သူတစ်ဦးကို သေနတ်ဖြင့် ပစ်ခဲ့သည့် စစ်ကြောင်းဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
အင်ငူကျေးရွာနှင့် စိန်လည်ကျေးရွာသည် ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်း အင်ပင်လှကျေးရွာအုပ်စုတွင်တည်ရှိပြီး ကောလင်းမြို့နှင့် ၆ မိုင်ကျော်ခန့်အကွာတွင် တည်ရှိသည်။
အင်ပင်လှကျေးရွာအုပ်စုသည် ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၅၀၀ ကျော်ရှိပြီး လူဦးရေ ၂၀၀၀ ကျော်နေထိုင်သည့် ကျေးရွာဖြစ်သည်။
Photo Crd-စစ်ကောင်စီတပ်ဖွဲ့ဝင်များ /ပုံဟောင်း
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1224
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4648
Website ->https://eng.thanlwinkhet.net