သံလွင်ခက်။
မေ ၂၇၊ ၂၀၂၃။
ပြစ်ဒဏ်ကျခံဆဲ နိုင်ငံရေးအကျဉ်းသားငါးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောရေးသို့ ပြန်လည်ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများထံက သိရသည်။
မေလ ၂၆ ရက်တွင် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်အနီးရှိ ကျိုက်ဇကော အကျဉ်းထောင်မှ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဒပုဒ်မ – ၅၂ (က)ဖြင့် ပြစ်ဒဏ်ချမှတ်ထားသည့် နိုင်ငံရေးအကျဉ်းသား ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောရေးသို့ ပြန်လည်ခေါ်ဆောင်သွားသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက သံလွင်ခက်သတင်းဌာနကို အတည်ပြုပြောကြားသည်။
၎င်းက ” ၅၂ က ပေါက်ကွဲ ၃နဲ့ ပြစ်ဒဏ်ကျခံနေတဲ့ ၅ ယောက်ကို စစ်ကြောရေးက လာခေါ် သွားတယ်။ PDF နဲ့ဆက်စပ်တွေဆိုတဲ့ အကြောင်းပြချက်နဲ့ပြန်ပြီး ခေါ်သွားတယ် ပြောတာပဲ ” ဟုဆိုသည်။
အဆိုပါ နိုင်ငံရေးအကျဉ်းသားများသည် အမှုများ ရင်ဆိုင်ပြီးစီး၍ ကျိုက်ဇကော အကျဉ်းထောင်တွင် ပြစ်ဒဏ်အသီးသီး ကျခံနေဆဲသူများဖြစ်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများထံက သိရသည်။
ပြစ်ဒဏ်ကျခံနေသည့်သူများကို စစ်ကြောရေးတွင် စစ်ဆေးမှုများ ပြုလုပ်ရန် ပြန်လည်ခေါ်ဆောင်သွားသည့်အတွက် ၎င်းတို့၏ အသက်အန္တရာယ်ကို စိုးရိမ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
၎င်းက ” တရားရုံးကလည်း ထောင်ဒဏ် ချမှတ်ပြီးထားပြီ ၊အဲ့တာကို ဘာလို့ ထပ်ပြီး ခေါ်သွားလဲ မသိတော့ဘူး။အခု ဥပဒေက သူတို့ပါးစပ်ထဲမှာပဲရှိတော့ ဘယ်သူ့ကို အကူညီတောင်းရမှန်းလဲ မသိဘူး။ သူတို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်တယ် ” ဟုဆိုသည်။
ယခုနောက်ပိုင်းတွင် ပြစ်ဒဏ်ကျခံဆဲ နိုင်ငံရေးအကျဉ်းသားများကို ပြန်လည်ခေါ်ထုတ်စစ်ဆေးသည့် အလားတူကိစ္စရပ်များသည် ကျိုက်ဇကောအကျဉ်းထောင်အပါအဝင် မြင်းခြံ အကျဉ်းထောင်နှင့် အခြားထောင်များတွင်လည်း ဆက်တိုက်ဖြစ်နေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
AAPP တာဝန်ရှိသူ တစ်ဦးက” ထောင်တွေမှာ အခုနောက်ပိုင်းကတော့ ဖြစ်ချင်တိုင်းဖြစ်နေတယ်။ တကယ်ကို ဥပဒေမဲ့ လက်လွတ်စပယ်လျောက်လုပ်နေတဲ့ ပုံစံမျိုးတေွ ရှိနေတယ်။ အဓိကတော့ လူ့အခွင့်အရေးအဖွဲ့စည်းတွေနိုင်ငံတကာ ကုလသမဂ္ဂအပါအဝင်ပေါ့လေ ဒီအစိုးရတွေကနေပြီးတော့ ဒီကိစ္စကို သေသေချာချာ ဖိအားပေးဖို့ လိုတာပေါ့။ အချက်လက်တွေကတော့ သူတို့ အကုန်လုံးရပြီးသားပါ “ဟု ဆိုသည်။
ပြီးခဲ့သည့် မေလ ၂၁ ရက်နှင့် ၂၂ ရက်များတွင် မန္တလေးတိုင်း၊ မြင်းခြံထောင်မှ နိုင်ငံရေးအကျဉ်းသား ကိုးဦးကိုအကျဉ်းဦးစီး၊ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး အကျဉ်းကျ အခန်းထဲမှ သီးခြား ခေါ်ထုတ်စစ်ဆေးမှုများလုပ်ဆောင်ခဲ့သည်။
သီးခြားခေါ်ထုတ်ခံရသည့် နိုင်ငံရေးအကျဉ်းသား ၉ ဦး စစ်ဆေးမေးမြန်းချိန် ရိုက်နှက်ခံရမှုများရှိပြီးသေဆုံးသူတချို့ရှိခဲ့သည်ဟု သတင်းများထွက်ပေါ်လာသည်။
ယင်းဖြစ်စဉ်ကြောင့် မေလ ၂၂ ရက်နေ့ပိုင်းကစပြီး ကျန်ရှိနေသည့် မြင်းခြံထောင်ရှိနိုင်ငံရေးအကျဉ်းသားများသည် အစာငတ်ခံဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ကြသည်။
နိုင်ငံရေး အကျဉ်းသားများကို သီးသန့်ခေါ်ထုတ် စစ်ဆေးမှုများလုပ်ဆောင်နေခြင်းသည် အကျဉ်းထောင်တွင်းဥပဒေနှင့် ကိုက်ညီမှုမရှိဘဲ ပြဌာန်းဥပဒေများကို ချိုးဖော်လုပ်ဆောင်နေသည့် လုပ်ရပ်ဖြစ်သည်ဟု ဥပဒေပညာရှင်များက ထောက်ပြသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက်နေ့ထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၂၇၂၆) ဦးရှိပြီးယင်းထဲမှ (၁၈၄၀၇) ဦးသည် ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက် (၆၁၀၆) ဦးသည်ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ထားသည်။
ပုံစာ – မန္တလေးအကျဉ်းထောင်တွင် မြင်တွေ့ရသည့် အကျဉ်းဦးစီး၊ စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ/ ( ပုံ – အဟောင်း )
Photo – Credit
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1209
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4623
Website ->https://eng.thanlwinkhet.net