![]()
ကရင်ဆေးကောလိပ် နှင့် DKBA တို့ ပူးပေါင်းကျင်းပသည့် ဆေးသင်တန်းဆင်းပွဲ ဆုံဆည်းမြိုင်တွင် ကျင်းပ
သံလွင်ခက်/မတ် ၂၀။ ဓါတ်ပုံ – Aung Aung
ကရင်ပြည်နယ်အတွင်းရှိ ဒေသခံလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို မြှင့်တင်ရန်ရည်ရွယ်၍ ကရင်ဆေးကောလိပ် (Karen Seminary Medical College) နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ဗဟိုကျန်းမာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဆေးသင်တန်း (Medic Training Program – Kyauk Khet) ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆေးဘက်ဆိုင်ရာ သင်တန်းကို ကျောက်ခတ်ဒေသတွင် တစ်နှစ်ကျော်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို DKBA ဌာနချုပ် တည်ရှိရာ ဆုံဆည်းမြိုင်တွင် ယနေ့ နံနက် ၉ နာရီမှ ၁၁ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အခမ်းအနားတွင် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောရွှေဝက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ကရင်တိုင်းရင်းသားလူမျိုးများ ပူးပေါင်းကျန်းမာရေးအဖွဲ့ (KEHOC) နာယကနှင့် ကရင်ဆေးကောလိပ် တည်ထောင်သူ အဖူးဒေါက်တာမာတာက သင်တန်းဆင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့ရာတွင် ဆေးပညာရှင်များအနေဖြင့် ဒေသခံပြည်သူများ၏ အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ရာ၌ ကျင့်ဝတ်နှင့်အညီ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။
ဆက်လက်၍ DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် စောဆန်းအောင်က သင်တန်းသားများအား အမှာစကား ပြောကြားခဲ့ပြီးနောက် သင်တန်းဆင်းလက်မှတ်များကို ဗိုလ်ချုပ် စောဆန်းအောင်၊ ဗဟိုကျန်းမာရေးဌာန တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စောကွယ်လေးနှင့် ဒုတိယကျန်းမာရေးဌာနမှူး ဗိုလ်မှူး စောကြည်ဦးတို့က အသီးသီး ပေးအပ်ခဲ့သည်။
KEHOC မှ ဆေးပညာသင်ကြားရေးမှူးက သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများအား ဘွဲ့နှင်းသဘင်ဆိုင်ရာ အဆောင်အယောင်ဖြစ်သော ဘွဲ့ခေါင်းဆောင်များကို စနစ်တကျ ဆင်မြန်းပေးခဲ့သည်။
ယင်းသင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ပထမ၊ ဒုတိယ နှင့် တတိယဆု ရရှိသူများကိုလည်း တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြသည်။
အဆိုပါ သင်တန်းဆင်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများသည် ကရင်ပြည်နယ်အတွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီသော ဒေသများတွင် တာဝန်ထမ်းဆောင်သွားကြမည် ဖြစ်ကြောင်း သိရသည်။
#ကရင်ဆေးကောလိပ် #DKBA #ဆေးသင်တန်းဆင်းပွဲ #ပူးပေါင်းကျင်းပ #ဆုံဆည်းမြိုင် #ThanLwinKhetNews