သံလွင်ခက်
မေ ၂၇ ၊ ၂၀၂၃ ။
” သူက မီးပုံးပျံဆရာဆိုတော့ ရှမ်းပြည်သားအချင်းချင်း မီးပုံးပျံအကြောင်းထိုင်ပြောကြသေးတာ စစ်ရေးအကြောင်းတွေရော အတူတူရှမ်းပြည်ကို ပြန်မယ့်အကြောင်းတွေရောပေါ့ ”
ကျဆုံးသွားခဲ့သော လွိုင်ကော် PDF မှ ရဲဘော် ဝိဇ္ဇာနှင့် ပြီးခဲ့သည့်နှစ်ပတ်ကမှ စကားလက်ဆုံကျ ပြောဖြစ်ခဲ့သည်ကို ရှမ်းတောင် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောခြင်းဖြစ်သည်။
” တလရအဆုံးထိလျှောက်လှမ်းရမယ်လို့ သူအမြဲပြောတယ်အကိုရေ အခုတော့ သူ့တာဝန်ကျေပြီပေါ့ “ဟု ရဲဘော်ဝိဇ္ဇာ မကျဆုံးမီ နောက်ဆုံးအကြိမ် စကားပြောဖြစ်ခဲ့သည်ကို ရှမ်းတောင်PDF ကပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်း မေ ၂၄ရက်တွင် လွတ်လပ်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားသော ရဲဘော် ကိုဝိဇ္ဇာ၏ ဈာပန အခမ်းအနားကို မိမိတို့ PDF မှ ညိုးငယ်သောစိတ်ဖြင့်ကျင်းပပြုလုပ်ခဲ့ကြသည်ဟု လွိုင်ကော်PDF က ယမန်နေ့တွင် ထုတ်ပြန်သည်။
ကိုဝိဇ္ဇာသည် ကွယ်လွန်ချိန်တွင် အသက် ၃၇ နှစ် ရှိပြီဖြစ်ပြီး နွေဦးတော်လှန်ရေးတွင် ပွဲပေါင်းများစွာ ပါဝင်ဆင်နွှဲခဲ့သည့်အပြင် ကျရာတာဝန်ကိုလည်း မဆုတ်မနစ် ထမ်းဆောင်သူဖြစ်သည်ဟု ဖော်ပြထားသည်။
လွိုင်ကော် PDF သည် သူရဲကောင်းအာဇာနည် ကိုဝိဇ္ဇာအတွက် အမြဲဂုဏ်ယူတမ်းတ နေမည်ဖြစ်ပြီး မပြီးပြတ်သေးသော အရေးတော်ပုံကိုလည်း ဆက်လက် ဆင်နွှဲလျှောက်လှမ်းနေဦးမည်ဖြစ်ကြောင်း အထူးဂတိပြုအပ်ပါသည်ဟုလွိုင်ကော်PDFက ထုတ်ပြန်ထားသည်။
” လွန်ခဲ့တဲ့နှစ်ပတ်က ကျသွားတဲ့အကိုရဲ့အဆောင်မှာ အိပ်ခဲ့သေးတယ် ။ စခန်းထိလာကြဲသွားတာလို့ သိရတယ်။ ဒီနောက်ပိုင်း အနောက်ဘက်ခြမ်းတစ်ခုလုံးက ကင်းထောက်နဲ့သေချာထောက်ပြီးမှ လေယာဉ်နဲ့လာကြဲတာမျိုးဗျ “ဟုရှမ်းတောင် PDF တစ်ဖွဲ့ဝင်တစ်ဦးက ရဲဘော် ဝဇ္ဇာကျဆုံးရသည့် အခြေအနေ အားပြောသည်။
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို မေလ ၂၄ ရက်၊ ည၉နာရီကျော်အချိန်တွင် စစ်ကောင်စီလေတပ်က တိုက်လေယာဥ်ဖြင့် ဗုံး ၆လုံးထက်မနည်း ကြဲချခဲ့သည့်အပြင် လက်နက်ကြီးများဖြင့်လည်း တောက်လျောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။
ထိုနေ့ည ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် KNDF B06 တပ်ရင်းမှ ရဲမေတစ်ဦး ကျဆုံးခဲ့သည်ကို သံလွင်ခက်မှအတည်ပြုသိရှိထားရပြီး လွိုင်ကော်PDFမှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရသည်ဟုလည်း ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွင် ၅ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များကဖော်ပြထားကြသော်လည်း သံလွင်ခက်မှ KNDF ထံဆက်သွယ်မေးမြန်းထားရာ ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
ထို့ပြင် သက်ဆိုင်ရာတပ်ဖွဲ့အသီးသီးကလည်း ထိုလေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ သတင်းများထုတ်ပြန်လာခြင်းမရှိသေးပေ ။
” လေကြောင်းရန်ကာကွယ်ရေးလက်နက်မရှိရင်တော့ လေယဥ်ပျံတက်လို့ မရအောင် လုပ်နိုင်မယ့်နည်းလမ်းတွေကို ထိထိရောက်ရောက်လုပ်နိုင်ဖို့လုပ်ပြီ “ဟု ကရင်နီပြည်တွင် လေကြောင်းမှ တောက်လျောက်တိုက်ခိုက်ခံနေရမှုနှင့်ပတ်သက်၍ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းတွင် ပြီးခဲ့သောဧပြီလကုန်းပိုင်း၌လည်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့စခန်းငယ်တစ်ခု လေကြောင်းမှ တိုက်ခိုက်ခံခဲ့ရသေးသည်။
ပုံစာ– မေလ ၂၄ရက်တွင် ကျဆုံးသွားခဲ့သော လွိုင်ကော်PDF ရဲဘော် ဝိဇ္ဇာ၏ စျာပန။
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1207
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4620&preview=true
Website ->https://eng.thanlwinkhet.net