ကောင်းချစ်အောင်
မေ ၂၇၊ ၂၀၂၃။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော် ခုနစ်ဦးမှာ လက်နက်များနှင့်အတူ ကျပ်သိန်း ၂၄၀၀ခန့်ယူဆောင်၍ စစ်ကောင်စီထံ ထွက်ပြေးခဲ့သည့်အတွက် အရေးယူဆောင်ရွက်သွားမည်ဟု ပခုက္ကူမြို့နယ် ပ.အ.ဖ အဖွဲ့ကထုတ်ပြန်သည်။
ပြီးခဲ့သည့် ဧပြီလအတွင်း၌ စစ်ကောင်စီထံ လက်နက်ချအညံ့ခံထွက်ပြေးခဲ့သည့် Defense Team Pakokku-DTP အဖွဲ့ခေါင်းဆောင် အောင်သူ(ခ)Snake၏ စည်းရုံးမှုများကြောင့် DTPအဖွဲ့ ရဲဘော် ၃ဦးမှာ မောင်းပြန်သေနတ် နှစ်လက်နှင့်အတူ ငွေကျပ်သိန်း၄၀၀အား ယူဆောင်၍ လည်းကောင်း၊ Earthquake Defense Force-EDF တိုက်ခိုက်ရေးခေါင်းဆောင်အပါအဝင် ရဲဘော်၄ဦးမှာ မောင်းပြန်သေနတ်နှစ်လက်နှင့်အတူ ငွေကျပ်သိန်း ၂၀၀ဝ ခန့်အားယူဆောင်၍ လည်းကောင်း ယခုလ မေ၂၅ရက်တွင် ထွက်ပြေးသွားခဲ့သည်ဟု ပခုက္ကူမြို့နယ် ပဖကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“EDFက ၄ယောက်က မနက်ပိုင်းက မစ်ရှင်လုပ်မယ်သွားရင်း မြို့မြောက်ဘက်ခြမ်း အင်ပင်ဂိတ်ကနေတဆင့် ထွက်ပြေးသွားတယ် လို့သိရတယ်ဗျ။ DTPသုံးယောက်ကတော့ နေ့လယ်လောက်မှာပြေးသွားတာပါ“ဟု ၎င်းကဆိုသည်။
စစ်ကောင်စီထံသို့ ပြီးခဲ့သောဧပြီလက ဦးစွာထွက်ပြေးခဲ့သော DTP ခေါင်းဆောင် အောင်သူသည် တော်လှန်ရေးအစပိုင်းတွင် တော်လှန်ရေးလုပ်ငန်းစဥ်တချို့တွင်ပါဝင်ခဲ့သော်လည်း နောက်ပိုင်း၌ ရန်ပုံငွေရှားပါးလာခြင်းကိုအကြောင်းပြု၍ စစ်ကောင်စီနှင့်ဆက်နွယ်သည်ဟုယူဆရသူများအား ဖမ်းဆီးငွေတောင်းခြင်း ပြန်ပေးဆွဲမှုများလုပ်ဆောင်ခဲ့သောကြောင့် သတိပေးဖြေရှင်းချက်များတောင်းခဲ့ရာမှ DTP ခေါင်းဆောင် အောင်သူသည် စစ်ကောင်စီထံ ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟု ပခုက္ကူ ပ.က.ဖ အဖွဲ့ကထုတ်ပြန်ထားသည်။
ထို့နောက် အောင်သူသည် ကျန်ရဲဘော်များအားထွက်ပြေးလာရန်စည်းရုံးခဲ့ခြင်းဖြစ်ပြီး ထွက်ပြေးသွားသည့်ရဲဘော်များနှင့်အတူ ပါသွားခဲ့သောငွေများသည်လည်း စည်းမျည်းစည်းကမ်းများကိုမလိုက်နာဘဲ ပြန်ပေးဆွဲရာတွင်ရရှိခဲ့သည့် ငွေများဖြစ်သည်ဟု သိရသည်။
ထွက်ပြေးသွားသည့်ရဲဘော်များမှာ ယမန်နေ့ ညနေအထိ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ဌာနချုပ်တွင် ရှိနေသည်ဟုအတွင်းသတင်းများအရ သိရှိရသည်ဟု ဆိုသော်လည်း စစ်ကောင်စီဘက်ကမူ အတိအကျ သတင်းထုတ်ပြန်ထားခြင်းမျိုးမရှိသေးပေ။
ယမန်နေ့နံနက်ပိုင်းက ထွက်ပြေးသွားသည့် EDFအဖွဲ့ရဲဘော်များထံ ဖုန်းဆက်မေးမြန်းရာတွင် ပခုက္ကူစစ်ဘက်ရေးရာ လုံခြုံရေးရုံးတွင် အေးဆေးစွာရှိနေသည်ဟု မြိုင်ပ.က.ဖအဖွဲ့ထံမှ သိရသည်။
ကျူးလွန်ထားသည့် စစ်သည်ကျင့်ဝတ်ဖောက်ဖျက်မှုများနှင့် ပြန်ပေးဆွဲမှုများအပေါ် တင်းကြပ်မှုများလုပ်ဆောင်လာသောကြောင့် ယခုလိုထွက်ပြေးရခြင်းဖြစ်နိုင်သည်ဟု ပခုက္ကူမြို့နယ်ပ.က.ဖတာဝန်ရှိသူက ဆိုသည်။
“သူတို့အနေနဲ့တော့ တော်လှန်ရေး ကို အချိန်ကာလကြာမြင့်တာရယ် နောက်တခုက ပေါ်ပင်အလုပ်တွေ မလုပ်ရတာတွေ ပြန်ပေးစွဲ မှုတွေ တင်းကြပ်မှုတွေရှိလာတဲ့အတွက်ရော ဖြစ်မယ် လို့ ယူဆရပါတယ် “ဟု ၎င်းကဆိုသည်။
ထွက်ပြေးသွားသည့်ရဲဘော်များမှတဆင့် ပခုက္ကူနှင့် မြိုင်မြို့နယ်အခြေစိုက် ပ.က.ဖတပ်ရင်းများ၊ ဒေသခံကာကွယ်ရေးအဖွဲ့များ၏ တပ်စခန်းတည်နေရာများ ပေါက်ကြားနိုင်သဖြင့် လိုအပ်သည့်ပြင်ဆင်မှုများပြုလုပ်၍ အမြန်ဆုံးရှောင်ရှားနိုင်ကြပါရန် ပခုက္ကူ ပ.အ.ဖ အဖွဲ့က ထုတ်ပြန်ထားသည်။
PDFများ လက်နက်နှင့်တကွ အလင်းဝင်ရောက်လာလျှင် လက်နက်အမျိုးအစားပေါ်မူတည်၍ ကျပ် ၂ သိန်းမှ ကျပ်၇၅ သိန်းထိ ဆုကြေးငွေချီးမြှင့်ပေးအပ်သွားမည်ဟု စစ်ကောင်စီသတင်းပြန်ကြားရေအဖွဲ့က ယခုလ မေ ၉ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ပြီးတစ်ရက်အကြာ မေလ၁၀ရက်တွင် PDFငါးဦးလက်နက်နှင့်တကွ အလင်းဝင်ရောက်လာပြီး ဆုကြေးငွေများချီးမြှင့်ခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1214
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4631
Website ->https://eng.thanlwinkhet.net