![]()
ဆာသူးလေ ကရင်အမျိုးသားအထက်တန်းကျောင်း၏ ၁၈ ကြိမ်မြောက် အောင်လက်မှတ်အပ်နှင်းပွဲ
သံလွင်ခက်
မတ် ၂၈၊ ၂၀၂၆။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ဆာသူးလေ ကရင်အမျိုးသားအထက်တန်းကျောင်း၏ ၁၈ ကြိမ်မြောက် အောင်လက်မှတ်အပ်နှင်းခြင်းနှင့် ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့တွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ၂၀၂၅-၂၆ ပညာသင်နှစ်အတွင်း ပညာသင်ကြားမှု ပြီးမြောက်ခဲ့သည့် ကျောင်းသူ၊ ကျောင်းသားများကို အောင်လက်မှတ်များ အပ်နှင်းပေးခဲ့ခြင်းဖြစ်သည်။ ထိုသို့အပ်နှင်းရာတွင် KG အဆင့် ၃၁ ဦးနှင့် Grade-12 အဆင့် ၆၅ ဦး ပါဝင်သည်။ ထို့အပြင် အမေရိကန်အထက်တန်း အောင်လက်မှတ်နှင့်ညီမျှသည့် နိုင်ငံတကာအသိအမှတ်ပြု GED အဆင့် ၄၉ ဦးလည်း ပါဝင်သည်။ ထို့ကြောင့် စုစုပေါင်း ကျောင်းသူ၊ ကျောင်းသား ၁၄၅ ဦးတို့ကို အောင်လက်မှတ်များ အပ်နှင်းပေးခဲ့ခြင်း ဖြစ်သည်။
ဆာသူးလေ ကရင်အမျိုးသားအထက်တန်းကျောင်းကို ၁၉၉၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ သားသမီးများ ပညာသင်ကြားခွင့် ရရှိစေရန် ရည်ရွယ်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အဆိုပါကျောင်း၌ Grade-12 အပြင် GED ဘာသာရပ်ကိုပါ တွဲဖက်သင်ကြားပေးနေသည်။ ထိုကျောင်းတွင် ကရင်တိုင်းရင်းသားလူငယ်များ အပါအဝင် အခြားတိုင်းရင်းသားပေါင်းစုံ စုစုပေါင်း ကျောင်းသားဦးရေ ၁၀၀၀ ဝန်းကျင် ပညာဆည်းပူးလျက်ရှိသည်။
ကျောင်းလုပ်ငန်းစဉ်များတွင် ပညာရေးသင်ကြားမှုများ ပါဝင်သည်။ ထို့အပြင် ကရင်ရိုးရာ လက်ချည်ပွဲအထိမ်းအမှတ် အခမ်းအနားများနှင့် နှစ်စဉ်ကျောင်းအားကစားပွဲတော်များကိုလည်း ကျင်းပလေ့ရှိကြောင်း သိရသည်။
ယနေ့ကျင်းပသည့် ၁၈ ကြိမ်မြောက် အောင်လက်မှတ်အပ်နှင်းပွဲသို့ ကျောင်းတာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။ ထို့အပြင် ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသော ဧည့်သည်များလည်း တက်ရောက်ခဲ့ကြသည်။
ဓါတ်ပုံ – သံလွင်ခက်
#ဆာသူးလေကရင်အမျိုးသားအထက်တန်းကျောင်း #၁၈ကြိမ်မြောက် #အောင်လက်မှတ်အပ်နှင်းပွဲ #ThanLwinKhetNews