ကောင်းချစ်အောင်
မေ ၂၅ ၊ ၂၀၂၃ ။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်ပြန်ဆုတ်လာသည့် စစ်ကောင်းစီတပ်အားကာကွယ်ရေးတပ်ဖွဲ့များက အလစ်ငိုက်တိုက်ခိုက်ခဲ့ရာ စနိုက်ပါထိမှန်သူအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သည်ဟု သိရသည်။
ယနေ့နံနက်အစောပိုင်းတွင် ကျောက်ရစ်ရွာ ရဲစခန်းမှ ထွက်လာသည့် အင်အား၈၀ခန့်ပါ စစ်ကြောင်းနှင့် မြောင်ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ နံနက်၉နာရီခန့်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ကကျောက်ရစ်ရွာသို့ ပြန်ဆုတ်ခွာသွားခဲ့သည်။
အဆိုပါစစ်ကောင်စီတပ်စစ်ကြောင်းပြန်ဆုတ်ရာ လမ်းကြောင်းတွင် စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု Myingyan Rangerအဖွဲ့တွင် တပ်စိတ်မှူးတာဝန်ယူထားသည့် ရဲဘော်ဗလကြီးက သံလွင်ခက်ကိုပြောသည်။
“မနက်က မြောင်ကမဟာမိတ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တယ်။ ပြန်ဆုတ်လာတဲ့ သတင်းကြားလို့ ကြိုစောင့်ပြီးတိုက်ခိုက်ခဲ့တာ အလစ်ငိုက်မိသွားတော့ ရန်သူတွေအထိနာခဲ့တယ်“ဟု ၎င်းက ဆိုသည်။
တိုက်ပွဲပန်း၍ ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်သားများကို ကျောက်ရစ်ရွာအနီးတွင် စောင့်ကြိုပစ်ခတ်ခဲ့မှု၌ သုံးဦးသေဆုံးသည်ကို မျက်မြင်တွေ့ရှိရကာ ထိခိုက်ဒဏ်ရာရသူအများအပြားဖြင့် ရဲစခန်းအတွင်း ဝင်ရောက်သွားခဲ့သည်ဟု ရဲဘော်ဗလကြီးကဆိုသည်။
“ကျွန်တော်တို့ဘက်ကစနိုက်ပါသမားပစ်လို့ တစ်ယောက်သေတယ် ။ အနီးကပ်တိုက်ပွဲအတွင်း လက်နက်ငယ်သမားတွေကြောင့် နှစ်ယောက်ထပ်သေတယ် ။ အလောင်းတွေကိုတပါတည်းသယ်ရင်းဆုတ်သွားကြတာ“ဟု ၎င်းကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း၂ လက်အောက်ရှိ Myingyan Ranger၊ PDF Taloke၊ MGN Tiger၊MGN Twenty Oneအဖွဲ့များနှင့်အတူ CDSOM တောင်ပိုင်း (ဗိုလ်ကျားသစ်အဖွဲ့)၊ 9Brothers အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် မေလ၂၁ရက်တွင်လည်း ကျောက်ရစ်ရဲစခန်းတွင်ဖဲထိုင်ရိုက်နေသည့် စစ်ကောင်စီတပ်သားများကိုဒေသခံကာကွယ်ရေးတပ်ဖွဲ့များက RPGဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦးသေဆုံးခဲ့သည်ဟု သိရသည်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ သံလွင်ခက်အနေဖြင့် သီခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ ။
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1192
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4580
Website ->https://eng.thanlwinkhet.net