သတင်းစက်ဝိုင်းအတွင်း နိုင်ငံတကာသတင်းတွေက ပုံမှန်အတိုင်း သံသရာလည်နေကြဆဲ။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းက နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မိမိတို့ ဆန္ဒအလျောက် ဘေးအန္တရာယ်ကင်းကင်းနဲ့မြန်မာနိုင်ငံဆီ ပြန်လာနိုင်မယ့် အရေး မြန်မာအစိုးရက နိုင်ငံရေး၊ သံတမန်ရေးနည်းလမ်းတွေ သုံးပြီး ဖြေရှင်းဖို့ အမေရိကန်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာအစိုးရအပေါ် ဖိအားပေး ပြောဆိုနေပေမယ့် တုံဏှိဘာဝေ ဆိတ်ဆိတ်နေတုန်းပါပဲ။ ဒီလိုတိတ်ဆိတ်နေရတဲ့ အကြောင်းရင်း အမှန်တွေထဲမှာ တရုတ်နိုင်ငံရဲ့ သံတမန်ရေးအရလွှမ်းမိုးမှုကလည်း အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်နေပါတယ်။
ရိုဟင်ဂျာအကျပ်အတည်း စတင်ချိန်ကစပြီး တရုတ်က သူ့ရဲ့ အနေအထား၊ သူ့ရဲ့ ရပ်တည်ချက်နဲ့ပတ်သက်ပြီးရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပါတယ်။ တရုတ်ရဲ့ ရပ်တည်ချက်ကတော့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကိုလေးစားကြဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ နိုင်ငံရေးအရ စွက်ဖက်မှုတွေကို နိုင်ငံတကာအနေနဲ့ ရှောင်ကြဥ်ကြဖို့ အလေးအနက်ထား ဖော်ပြခဲ့ပါတယ်။ ဒီဖော်ပြချက်ကို ကြည့်ရင် တရုတ်နိုင်ငံက ကာလရှည်ကြာ စွဲကိုင်လာခဲ့တဲ့ ဝင်ရောက် မစွက်ဖက်ရေးနဲ့ အချုပ်အခြာအာဏာဆိုင်ရာ နှုန်းစံတွေကို လိုက်နာနေဆဲပဲဆိုတာ သိသာပါတယ်။
ရှင်းကျန်းမှာ တရုတ်အစိုးရရဲ့ ဖိနှိပ်မှုတွေအပေါ် ပြည်ပရဲ့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒီလို ပြည်ပ ဝေဖန်မှုတွေကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေအပေါ် ဝင်ရောက်စွက်ဖက်ပြီး နိုင်ငံတကာ စံနှုန်းတွေကို ရှောင်ရှားဖို့ ဘေကျင်းကို ခွန်အား ပိုဖြစ်စေခဲ့ပါတယ်။ အထူးသဖြင့်ကတော့ ရိုဟင်ဂျာလို ဘာသာရေး၊လူမျိုးရေးအရ လူနည်းစုတွေအပေါ် ဖိနှိပ်နေတာနဲ့ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ ကြားဝင်ဆောင်ရွက်ရတဲ့အခါတွေမှာ နိုင်ငံတကာ စံနှုန်းတွေအပေါ် ဂရုမစိုက်ဖို့ တရုတ်ကို ပိုပြီး ခွန်အား ရှိစေခဲ့ပါတယ်။
ရိုဟင်ဂျာတွေအတွက်ကတော့ အခုအဓိပ္ပါယ်က ဘေကျင်းဟာ မြန်မာစစ်တပ်ရဲ့ ဘယ်လို အမှားမျိုးကိုမဆို အသိအမှတ် ပြုဖို့ တွန့်ဆုတ်နေပြီး နိုင်ငံတကာရဲ့ အင်အားချိနဲ့နဲ့ လုပ်ငန်းစဥ်တွေမှာ ရိုဟင်ဂျာတွေကို မပြောပလောက်တဲ့ မဟာမိတ် အနည်းငယ်နဲ့ ထားရစ်ခဲ့ဖို့ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။
အခြေမလှတဲ့ ရိုဟင်ဂျာတွေရဲ့ အနေအထား
၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း မြန်မာစစ်တပ် ဦးဆောင်တဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုစစ်ဆင်ရေးတွေကနေလွတ်မြောက်နိုင်ဖို့ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ရိုဟင်ဂျာပေါင်း ၇၄၅၀၀၀ နီးပါး (ခန့်မှန်းခြေ) အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးခဲ့ကြရပါတယ်။ ခွဲထွက်ရေးသူပုန်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ARSA က မြန်မာရဲကင်းစခန်းတွေနဲ့ စစ်တပ်စခန်းတွေကို အစောပိုင်းကာလတွေမှာ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုပြီးနောက်ပိုင်း ရိုဟင်ဂျာလူထုအပေါ်မြန်မာစစ်တပ်ရဲ့ မြေလှန်လှုပ်ရှားမှုတွေ စတင်ခဲ့ပါတယ်။ မြန်မာစစ်တပ်က ရိုဟင်ဂျာရွာတွေကို မီးရှို့ဖျက်ဆီးပြီးအရပ်သားတွေကို ဖမ်းဆီးနှိပ်စက် မုဒိမ်းကျင့်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ရိုဟင်ဂျာသိန်းချီ မြန်မာနိုင်ငံ ကထွက်ပြေးခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ်အထိ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၉ သိန်းကျော်အထိ ရှိနေသေးပြီး စီးပွားရေးနဲ့ ကျန်းမာရေးအခြေအနေတွေ ဆိုးဆိုးရွားရွား ရှိနေကြောင်း နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတွေက အစီရင်ခံထားကြပါတယ်။ ဥပမာအနေနဲ့ ဖော်ပြရရင် အကြီးဆုံးဒုက္ခသည်စခန်း တစ်ခုဖြစ်တဲ့ ကော့ဘဇားဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့လပိုင်းလောက်က မီးလောင်မှုဖြစ်ပွားခဲ့တာက မလုံမခြုံဖြစ်နေတဲ့ အခြေအနေတွေကို မီးမောင်းထိုးပြနေပါတယ်။နောက်ထပ် ခန့်မှန်းခြေ လူ ၆ သိန်းနီးပါးမှာလည်း ရခိုင်ပြည်နယ်အတွင်း ပိတ်မိနေကြပြီး အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုတွေကို ခံစားနေကြရပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က နေပြည်တော်မှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ချိန်ကစပြီး လက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေတွေက ပိုပြီး မရေမရာ ဖြစ်လာနေပါတယ်။ စစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်ရေးကာလအတွင်း လူပေါင်း၃၀၀၀ ကျော် သေဆုံးခဲ့ပြီး သောင်းချီ ဖမ်းဆီးခံထားရပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ လေ့လာစောင့်ကြည့်မှုတွေအရ ရဲနဲ့ စစ်တပ်ရဲ့ အတင်းအဓမ္မ နှိပ်ကွပ်မှုတွေကြောင့် လူပေါင်း ၁၀၀ ကျော် ပျောက်ဆုံးခဲ့ရပြီးအရေအတွက် တိတိကျကျ မသိရတဲ့ ပမာဏကို နှိပ်စက်ညှဥ်းပမ်း မုဒိမ်းကျင့်ခဲ့ကြတယ်လို့ သိရပါတယ်။
နိုင်ငံတွင်း ဖြစ်ပျက်သမျှတွေရဲ့ တောင်းဆိုမှုတွေကြောင့် စက်တင်ဘာ ၇ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရကခုခံစစ် ကြေညာခဲ့ပြီး တိုက်ပွဲအရှိန် တိုးမြှင့်ခဲ့ပါတယ်။ ဒီတုန့်ပြန်မှုက စစ်တပ်နဲ့ အတိုက်အခံတွေရဲ့ကြား ထိပ်တိုက်တွေ့မှုကို ပိုပြီး ပြင်းထန်ကြီးမားလာစေခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေသမျှက ဆိုးရွားပြင်းထန်းနေပြီး မရေမရာ ပတ်ဝန်းကျင်မှာ နောက်ထပ် ညှဥ်းပမ်းနှိပ်စက်မှုတွေကိုလည်း ကြုံရနိုင်ပါသေးတယ်။ ဒါကြောင့်လည်း ဘင်္ဂလားဒေ့ရှ်မှာ ရှိနေတဲ့ မွတ်ဆလင်ဒုက္ခသည်တွေ ဘေးအန္တရာယ်ကင်းကင်းနဲ့ နေရပ်ပြန်နိုင်မယ့် အစီအစဥ်မျိုး မမြင်ရပါဘူး။
နိုင်ငံတကာတုန့်ပြန်မှုတွေအပေါ် တရုတ်ရဲ့ လွှမ်းမိုးမှု
အမေရိကန်က မြန်မာစစ်တပ်ကို လူသိရှင်ကြား ဝေဖန်ခဲ့ပြီး ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခဲ့ကြသူတွေက တာဝန်ခံမှု ရှိလာဖို့ ကြိုးပမ်းဆောင်ရွက်နေပေမယ့် တရုတ်နိုင်ငံရဲ့ ဦးစားပေး ဖော်ပြမှုကတော့မြန်မာနိုင်ငံရဲ့ အကျပ်အတည်းက ကိုယ့်အိမ်မှာ ကိုယ့်ဖာသာ ရန်ဖြစ်နေကြတဲ့ မိသားစုဝင်တွေရဲ့ အိမ်တွင်းရေးပြဿနာအဖြစ်လောက်သာ ခွဲခြားရှုမြင်ထားသလို ဝင်ပြီးစွက်ဖက်တာမျိုး မလုပ်ကြဖို့ကိုလည်း တွန်းအားပေးနေပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအပေါ်ကိုသာ အကျိုးသက်ရောက်မှာဖြစ်တဲ့အတွက် ဒုက္ခသည် ရိုဟင်ဂျာပြဿနာကိုလည်း သက်ဆိုင်သူတွေကသာ ဆုံးဖြတ်ချက်ချ ပြောဆိုသင့်တယ်လို့ တရုတ်က စောဒက တက်နေပါတယ်။ ကုလသမဂ္ဂမှာလည်း တင်းမာမှုတွေ ဖြစ်လာအောင် တရုတ်က လုပ်ဆောင်ခဲ့ပါတယ်။ နောက်ထပ် ရွေးချယ်စရာ တစ်ခုကိုလည်း တရုတ်က အဆိုပြုခဲ့ပေမယ့် တရုတ်ရဲ့ အဆိုပြုချက်က ရိုဟင်ဂျာအရေး ဖြေရှင်းဖို့ လက်တွေ့မကျပါဘူး။ တရုတ်ရဲ့ နောက်ထပ် အဆိုပြုချက်က “ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး၊ အကြမ်းဖက်မှုတွေဆုံးခန်းတိုင် ပြီးဆုံးရေးနဲ့ ရခိုင်ပြည်နယ်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ စတင် ဆောင်ရွက်ရေး” ဆိုတာတွေပဲပါ။
တရုတ်နိုင်ငံရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အစီအစဥ်တွေနဲ့ပတ်သက်ပြီး စိုးရိမ်စရာ အမြောက်အမြားပါပဲ။ လူမျိုးသုဉ်းသုတ်သင်ရှင်းလင်းခြင်းထက် စီးပွားရေးတိုးတက်မှု အားနည်းခြင်းကသာ အကြမ်းဖက်မှု ပိုမြောက်စေနိုင်တဲ့ပြဿနာ တစ်ရပ်ဖြစ်ကြောင်း ဘေဂျင်းက သတ်မှတ်ထားပါတယ်။ ဒါကြောင့်လည်း ရိုဟင်ဂျာဒုက္ခသည်တွေလတ်တလော ရင်ဆိုင်နေရတဲ့ အန္တရာယ်နဲ့ပတ်သက်ပြီး တရုတ်က မဖော်ပြခဲ့သလို ဒုက္ခသည်တွေ နေရပ်ရခိုင်ပြည်နယ်ဆီ ပြန်လာရင် ကြုံတွေ့ရမယ့် အန္တရာယ်တွေရဲ့ ဖြစ်နိုင်ခြေကိုလည်း ဘေဂျင်းက ထည့်သွင်း မစဥ်းစားခဲ့ပါဘူး။ အဲဒီအစား လူ့အခွင့်အရေး အကြမ်းဖက် ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အရေးယူခံရနိုင်မှုတွေကနေရှောင်ရှားနေပြီး တရုတ်ရဲ့ ကြီးမားတဲ့ BRI ရင်းနှီးမြှုပ်နှံမှုတွေ အဆင်ပြေ ချောမွေ့နိုင်ဖို့အတွက် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကိုပဲ အာရုံစိုက် ဖိုးကပ်စ်ထားနေခဲ့ပါတယ်။ တရုတ်ရဲ့ ချဥ်းကပ်မှုက မြန်မာစစ်တပ်ကို အကာအကွယ်ဖြစ်စေခဲ့ရုံသာမက လူ့အခွင့်အရေး တိုးတက်မှုတွေနဲ့ပတ်သက်ပြီး တရုတ်သဘောကျ ပြောဆိုနိုင်မယ့်အကျပ်အတည်းဆိုင်ရာ ဇာတ်လမ်းဖရိန်ကို ပြန်ပြီး အထိုင်ချပေးခဲ့ပါတယ်။ တရုတ်ရဲ့ ရန်လိုတဲ့ ပံ့ပိုးကူညီမှုတွေကကုလသမဂ္ဂလို နိုင်ငံတကာရေးရာ အဖွဲ့အစည်းတွေက မြန်မာစစ်တပ်ကို အရေးမယူနိုင်အောင် ကာကွယ်ပေးနေတဲ့အပြင် သံတမန်ရေးရာပိုင်းမှာလည်း အကာအကွယ်ပေးထားပါတယ်။
ရှင်းကျန်းပြည်နယ်က ဝီဂါမွတ်ဆလင်တွေကို ဖိနှိပ်ချုပ်ချယ်ရေးပေါ်လစီအပေါ် နိုင်ငံတကာရဲ့ ဝင်ရောက်စွက်ဖက်မှုတွေကို တရုတ်အစိုးရက ဆန့်ကျင်ခဲ့တဲ့အပြင် မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ စွက်ဖက်မှုတွေကို တားဆီးနိုင်ဖို့ ရည်ရွယ်တဲ့ တရုတ်နိုင်ငံရဲ့ အဆိုပြုချက်တွေက မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ တရုတ်ရဲ့ အကျိုးစီးပွားတွေနဲ့ နိုင်ငံရေးအကျိုးစီးပွားကို ကာကွယ်နိုင်ဖို့ဆိုတာ သိသာထင်ရှားပါတယ်။ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးနဲ့ နယ်မြေပထဝီဆိုင်ရာ အကျိုးစီးပွားတွေ သေချာပေါက် ရှိနေပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံတွင်း ရှိနေတဲ့ တရုတ်ရဲ့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ တခြားနိုင်ငံတွေရဲ့ဩဇာ မြန်မာနိုင်ငံအပေါ် ကြီးကြီးမားမား လွှမ်းမိုးလာတာတွေကနေ ကာကွယ်ဖို့ လိုအပ်ပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ အခြေမလှတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးမှာ ဘေဂျင်းက စွက်ဖက်နေတယ်ဆိုတာက တရုတ်ပြည်တွင်းမူဝါဒတွေအပေါ် အထိအခိုက် ဖြစ်လာမှာကို စိုးရိမ်တဲ့ အခြေခံကနေ ပေါ်ပေါက်လာခဲ့တာပါပဲ။ အထူးသဖြင့်ကတော့ရှင်းကျန်းပြည်နယ်အရေးပါ။
ရှင်းကျန်းဒေသက ခုခံကာကွယ်ရေးတပ်
တရုတ်ကွန်မြူနစ်ပါတီ (CCP) ရဲ့ အလွန်အကျွံ ဖိနှိပ်ချုပ်ခြယ်မှုတွေအကြောင်း ပြောမယ်ဆိုရင် ရှင်းကျန်းဒေသက ထင်ရှားသိသာတဲ့ ဥပမာ တစ်ခုပါပဲ။ ရှင်းကျန်းဒေသက တရုတ်နိုင်ငံရဲ့ ပထဝီအနေအထားအရ အကြီးမားဆုံးအုပ်ချုပ်ရေးဆိုင်ရာ ဒေသဖြစ်ပြီး သမိုင်းကြောင်းအရဆိုရင်လည်း မွတ်ဆလင်ဝီဂါလူမျိုးစုတွေ အများဆုံးနေထိုင်ရာ ဒေသ ဖြစ်ခဲ့ပါတယ်။ ၉ / ၁၁ ဖြစ်ရပ်အပြီး မကြာခင်မှာတော့“အကြမ်းဖက်စစ်ပွဲ” ခေါင်းစဥ်နဲ့ ဝီဂါခွဲထွက်ရေး လှုပ်ရှားမှုကို ဆန့်ကျင်တဲ့ CCP ရဲ့ လှုပ်ရှားမှုတွေ စတင်လာခဲ့ပါတယ်။ ရှင်းကျန်းဒေသမှာဆိုရင် “Go West” ပေါ်လစီနဲ့ ဒေသတွင်း အခြေခံအဆောက်အဦဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေကနေတဆင့် ဒေသတွင်းထိန်းချုပ်နိုင်ဖို့ နဂိုမူလအစကတည်းက ဘေဂျင်းအနေနဲ့ ကြိုးစားနေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရှင်းကျန်းဒေသကBRI အတွက် အရေးပါတဲ့ အလယ်အူတိုင်ဒေသအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။ ရယ်စရာကောင်းတာကဘေဂျင်းရဲ့စိုး ရိမ်သောကဖြစ်တဲ့ ဒေသတွင်း “ခွဲထွက်ရေးဝါဒ” ကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ မဖြေဖျောက်နိုင်ခဲ့တာပါပဲ။
၂၀၁၄ ခုနှစ်က စတင်ကြေညာခဲ့တဲ့ “အကြမ်းဖက်မှုဝါဒဆန့်ကျင်ရေး” လို ပြင်းထန်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေအတွင်း မယုံကြည်နိုင်လောက်တဲ့ ဖိနှိပ်မှုတွေနဲ့ စတင် ကြုံတွေ့လာခဲ့ပါတယ်။ ရှင်းကျန်းဒေသမှာ ပြန်လည် ပညာပေးရေး စခန်းတွေ အရင်က ရှိခဲ့ပေမယ့် ၂၀၁၇ ခုနှစ် နွေဦးရာသီမှာတော့ အရေအတွက် တိုးမြှင့်လာခဲ့ပါတယ်။၂၀၁၈ ခုနှစ်မှာတော့ အဆောက်အဦပေါင်း ၁၂၀၀ နီးပါး ရှိနေပြီး အဆောင် တစ်ဆောင်ချင်းဆီမှာ အကျဥ်းသား၂၅၀–၈၈၀ အကြား ထိန်းသိမ်းထားရှိခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ခန့်မှန်းချက်တွေအရ ဝီဂါ တစ်သန်းနီးပါး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ကိုယ်ထိလက်ရောက် စော်ကားခံရတာမျိုးတွေလည်း ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ရှင်းကျန်းဒေသက ကမ္ဘာပေါ်မှာ အစိုးရရဲ့ အပြင်းထန်ဆုံး စောင့်ကြည့်ခံနေရတဲ့ ဒေသ တစ်ခု ဖြစ်လာခဲ့ပါတယ်။
ရှင်းကျန်းမှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် တာဝန်ခံဖို့ နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေအပေါ် တရုတ်နိုင်ငံကရှုတ်ချခဲ့ပါတယ်။ ဝီဂါတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ စိုးရိမ်သောကတွေက CCP ရဲ့ ဩဇာအာဏာ ပျက်ပြားစေဖို့ ရည်ရွယ်တာသာဖြစ်ပြီး တရုတ်နိုင်ငံမှာ ဒီမိုကရေစီအပြောင်းအလဲဖြစ်လာအောင် ကြိုးပမ်းမှုတွေသာ ဖြစ်တယ်လို့ ဘေဂျင်းက ငြင်းဆိုခဲ့ကာ အမေရိကန်ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ထောက်ပြခဲ့ပါတယ်။ CCP ရဲ့ မကျေနပ်မှုတွေ မြှင့်တက်လာရတဲ့ အကြောင်းက နိုင်ငံတကာစံနှုန်းတွေနဲ့ အဖွဲ့အစည်းတွေကို အသုံးချပြီး တရုတ်ရဲ့တခြားသော ရည်ရွယ်ချက်တွေအပေါ် ထိပါးနှောင့်ယှက်ဖို့ ကြိုးပမ်းလာတဲ့အတွက်ကြောင့်ပါပဲ။ အထူးသဖြင့်ကတော့ ဟောင်ကောင်နဲ့ ထိုင်ဝမ်မှာပါ။ ဒါတွေက ပြည်တွင်းပြည်ပမှာ ကာလရှည်ကြာခဲ့ပြီဖြစ်တဲ့ တရုတ်ရဲ့အခြေခံ အုတ်မြစ်ဖြစ်တယ်လို့ Darren Byler က ပြောပါတယ်။
အပြိုင်အဆိုင်များ
အုပ်စု နှစ်ခုနဲ့ ခြေမလှဖြစ်နေတဲ့ ရိုဟင်ဂျာအကျပ်အတည်းမှာ သိသာထင်ရှားတဲ့ ပြိုင်ဆိုင်မှုတွေ ရှိနေပါတယ်။လူနည်းစု ရိုဟင်ဂျာတွေဟာ သူတို့ ယဥ်ကျေးမှုနဲ့ လုံခြုံရေးပိုင်းမှာ အစိုးရရဲ့ ကမကထပြု နှိပ်ကွပ်မှုတွေနဲ့မျက်နှာချင်းဆိုင်နေရသလို တရုတ်အစိုးရမူဝါဒရဲ့ သားကောင်တွေအဖြစ်ကိုလည်း ကျရောက်နေကြရပါတယ်။ ရိုဟင်ဂျာနဲ့ ဝီဂါတွေ မျက်နှာချင်းဆိုင်နေရတဲ့ အခြေအနေတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ နောက်ဆက်တွဲဆောင်ရွက်ချက်တွေကို ကြည့်ရင် တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေး မစွက်ဖက်ရ စံနှုန်းတွေရဲ့ လွှမ်းမိုးထားမှုတွေကိုသိသာထင်ဟပ်စေပါတယ်။ မြန်မာနိုင်ငံရဲ့ လူနည်းစု ရိုဟင်ဂျာတွေအပေါ် ဖြိုခွဲခဲ့တာက နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စွက်ဖက်မှုတွေအပေါ် တရုတ်ရဲ့ တုန့်ပြန်ပုံက မိတ်ဖက်တစ်ဦးရဲ့ အပြုအမူမျိုးလောက်သာ မဟုတ်တော့ဘဲတရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးနဲ့ ဒေသတွင်း တည်ငြိမ်ရေးကိုပါ ထိခိုက်စေတယ်ဆိုတာကိုပါ ဘေဂျင်းက ရိပ်မိပုံပေါ်ပါတယ်။
လူနည်းစု ရိုဟင်ဂျာပြဿနာနဲ့ပတ်သက်တဲ့ ICC ရဲ့ မကြာသေးခင် ကဆုံးဖြတ်ချက်တွေက တရုတ်နိုင်ငံရဲ့အကျိုးစီးပွားအပေါ်ကိုလည်း ထိခိုက်မှု ရှိနေပါတယ်ဆိုတာရဲ့ နမူနာပါပဲ။ သီအိုရီအရICC ရဲ့ တရားစီရင်ပိုင်ခွင့်အပေါ် ကန့်သတ်နိုင်ခွင့် ရှိတယ်ဆိုပြီး တရုတ်နိုင်ငံလိုပဲ မြန်မာနိုင်ငံကလည်း ICC နဲ့ ပတ်သက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့်လည်းICC အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိနေတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအတွက် ကိုယ်စားပြု ဆောင်ရွက်ပေးခြင်းနဲ့ ICC က မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးနယ်ပယ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိလာနိုင်ခဲ့ပါတယ်။ ICC အဖွဲ့ဝင်နိုင်ငံ ဒါမှမဟုတ် နယ်ပယ်အတွင်း ဖြစ်ပွားတဲ့ ရာဇဝတ်မှု မှန်သမျှကိုICC အနေနဲ့ သူ့ရဲ့ တရားစီရင်ပိုင်ခွင့် အာဏာကို အသုံးပြုနိုင်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖြတ်ကျော် ရိုဟင်ဂျာတွေအပေါ် စနစ်တကျ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ကြောင်း အထောက်အထားတွေ တွေ့ရှိခဲ့ပါတယ်။ လိုအပ်တဲ့ အချက်အလက်တွေ ရလာနိုင်ဖို့ အချက်အလက်ရှာဖွေရေးမစ်ရှင်ကိုICC က စီစဥ်နေပါတယ်။
တရုတ်နိုင်ငံအပေါ် နိုင်ငံတကာဖိအားတွေ မြင့်တက်နေတာကလည်း မှန်ပါတယ်။ လူနည်းစု ရိုဟင်ဂျာပြဿနာကိုပြည်တွင်းပြဿနာအနေအထားလောက်နဲ့ အဆုံးသတ်နိုင်ဖို့ ကြိုးစားနေတဲ့ ဘေဂျင်းရဲ့ ချဥ်းကပ်မှုနောက်ကွယ်မှာCCP ရဲ့ ရှုမြင်သုံးသပ်မှုတွေ ရှိနေတာကလည်း ထင်ရှားပါတယ်။
အရေးယူဖို့ လိုအပ်ပြီ
တရုတ်နိုင်ငံရဲ့ ချုပ်နှောင်လွှမ်းမိုးတွေက ဘယ်လိုပဲ ဖြစ်နေပါစေ ၊ ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းကနေ လွတ်မြောက်နိုင်ဖို့ နိုင်ငံတကာက အရေးယူဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာရဲ့ စွက်ဖက်မှုတွေအပေါ် ပိတ်ပင်တားမြစ်လိုတဲ့ တရုတ်နိုင်ငံရဲ့ ဆန္ဒကြောင့် အမေရိကန်လို အင်အားကြီးနိုင်ငံတွေက မဖြစ်မနေ အရေးယူဖို့ လိုအပ်ပါတယ်။ ဘိုင်ဒန်အစိုးရရဲ့ ဩဇာလွှမ်းမိုးနိုင်စွမ်းက ဒီကိစ္စမှာ အကန့်အသတ်ရှိနေပေမယ့် ဘင်္ဂလားဒေ့ရှ်နဲ့ အာဆီယံလို မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ အမေရိကန်က ချဥ်းကပ်သင့်ပါတယ်။ မြန်မာစစ်တပ်ကို ဆန့်ကျင်တဲ့သဘောထားတွေကို ဆက်ထိန်းသိမ်းထားပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေတိုးမြှင့်ဖို့နဲ့ဒုက္ခသည်တွေအတွက် ဘေးအန္တရာယ်ကင်းတဲ့ အိမ်ရာအဆောက်အဦတွေ ပံ့ပိုးပေးဖို့ လိုပါတယ်။
ဖြစ်မြောက်နိုင်ဖို့ အလားအလာ နည်းပါးတယ်ဆိုရင်တောင် ညွှန့်ပေါင်းလို အဖွဲ့မျိုး ဖွဲ့စည်းပြီး တာဝန်ခံမှုရှိရှိနဲ့ ရိုဟင်ဂျာပြဿနာအပေါ် စည်းစည်းလုံးလုံး ရပ်တည်ပေးဖို့ ခိုင်မာတဲ့ မူဝါဒမျိုး ရွေးချယ်ဖို့လည်း လိုအပ်ပါတယ်။ ရိုဟင်ဂျာအရေး ဖြေရှင်းနိုင်ဖို့အတွက် တရုတ်နဲ့ အပေးအယူ လုပ်တာမျိုးကလည်း ဖြစ်နိုင်ခြေရှိပေမယ့်ခြားနားချက် တစ်ခုလည်း ရှိနေပြန်ပါတယ်။ အဲဒီခြားနားချက်က ရိုဟင်ဂျာဒုက္ခသည်အရေးကို ဒေသတွင်းနိုင်ငံတွေက ဘယ်လို ချဥ်းကပ်ကြသလဲဆိုတာနဲ့ တစ်ဘက်မှာတော့ တရုတ်အတွက် ပိုပြီး သိမ်မွေ့တဲ့ ရှင်းကျန်းဒေသပြဿနာပဲ ဖြစ်ပါတယ်။
ဥပမာအနေနဲ့ဆိုရင် ၂၀၁၉ ခုနှစ်မှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက “ရှင်းကျန်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မသိရပေမယ့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေနဲ့ ပြဿနာအပေါ်ကိုတော့ ကျွန်တော်တို့ စိုးရိမ်ပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။ တရုတ်ဩဇာ လွှမ်းမိုးထားတဲ့ တောင်အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံ တချို့က CCP ကို တိုက်ရိုက် ဝေဖန်ဖို့ငြင်းဆန်နေကြပေမယ့် ရိုဟင်ဂျာအကျပ်အတည်းနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ဒေသတွင်း ပူးပေါင်းတွန်းလှန်ဖို့အခွင့်အရေး ပိုရှိတယ်လို့ ဆိုနိုင်ပါတယ်။
တကယ်လို့များ နိုင်ငံစုံအုပ်စု တစ်ခု အတူ ပူးပေါင်းပြီး ဘေဂျင်းရဲ့ အကျိုးစီးပွားတွေကို ဟန်ချက်ညီအောင်ထိန်းကျောင်းနိုင်ခဲ့မယ်ဆိုရင် ရိုဟင်ဂျာဒုက္ခသည်ပြဿနာလို ကိစ္စတွေမှာ ပြစ်မှုကျူးလွန်ခဲ့ကြသူတွေကို တာဝန်ခံလာဖို့ နိုင်ငံတကာ ဖိအားတွေ လုံလုံလောက်လောက် ရှိလာနိုင်ပါတယ်။ အမေရိကန်အနေနဲ့ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ လူ့အခွင့်အရေး ချန်ပီယံ တစ်ယောက်အဖြစ်နဲ့ ကမ္ဘာ့ခေါင်းဆောင်ကောင်း တစ်ယောက်အဖြစ်ပါ ပြန်ပြီး မျက်နှာရချင်ရင်တော့ ICC ရဲ့ ကိစ္စမှာ ပါဝင်ပြီး ရိုဟင်ဂျာကိစ္စရပ်အပေါ် ထောက်ခံဖို့ လိုပါတယ်။ ဒါမှလည်း ကျန်ကမ္ဘာ့နိုင်ငံတွေက သူတို့ ကတိကဝတ်တွေကို ရှင်းရှင်းလင်းလင်း ပေးပို့နိုင်ပါလိမ့်မယ်။
ပြည်တွင်းရေး မစွက်ဖက်ရဆိုတဲ့ နှုန်းစံကြောင့် လူမျိုးသုဉ်းသတ်ဖြတ်မှုကို အဖိုးအခအဖြစ် ပေးဆပ်လိုက်ရမယ်ဆိုရင် နိုင်ငံတကာအသိုင်းအဝိုင်းတွေလည်း လွတ်လွတ်လပ်လပ် ရပ်တည်နိုင်မှာ မဟုတ်တော့ပါဘူး။ ရှင်းကျန်းနဲ့မြန်မာနိုင်ငံရဲ့ လူနည်းစုရိုဟင်ဂျာပြဿနာတွေက မတူညီတဲ့ အခြေအနေတွေမှာ ဖြစ်ပွားခဲ့ပေမယ့် အပြိုင်အဆိုင်အဖြစ် တည်ရှိနေပါတယ်။ အထူးသဖြင့် နိုင်ငံတကာတုန့်ပြန်မှုတွေအပေါ် ဘေဂျင်းရဲ့ ချဥ်းကပ်မှုပါပဲ။
တကယ်လို့များ ဒီပြစ်မှုတွေက စိန်ခေါ်စရာ မဟုတ်တဲ့ ပြဿနာအဖြစ် ဆက်ပြီး ရှိနေဦးမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ရှင်းကျန်းဒေသတွေက အလွဲသုံးစားဖြစ်ရပ်တွေကို ဆက်ပြီး လမ်းဖွင့်ပေးထားသလို ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့်လည်း အမေရိကန်နဲ့ မိတ်ဖက်နိုင်ငံတွေက နောက်ပြန်ဆုတ်ဖို့ နည်းလမ်း ရှာဖွေရမှာဖြစ်သလို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စံနှုန်းတွေ ထပ်လောင်း သတ်မှတ်ဖို့ လိုပါတယ်။
ဘုန်းမောင်
“Rachel Lambert” ရေးသားသော “Hidden Parallels: The Impact of Beijing’s Policies on the Rohingya Crisis” ကို ဆီလျော်အောင်ရေးသားသည်။
ပုံစာ – ရေချောင်းဖြတ်ပြီး မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ထွက်ပြေးလာနေတဲ့ ရိုဟင်ဂျာမိသားစု တစ်စု။(ဓာတ်ပုံ– UNHCR)
***************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1141
YouTube -> https://youtu.be/1zvy3BjIqAs
Website -> https://thanlwinkhet.net/?p=4446
Website ->https://eng.thanlwinkhet.net