မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ထဲရှိ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးဆိုသူများမှာ အထောက်အပံ့အပြည့်အဝ မရသောကြောင့် မြိုပေါ်နှင့် မြို့အနီးဝန်းကျင်ရှိ ၎င်းတို့ စိုးမိုးထိန်းချုပ်ရာ ဒေသများတွင် ပြည်သူများထံမှ ဆက်ကြေးတောင်းခြင်း၊ ဖမ်းဆီးငွေညှစ်ခြင်း၊ ဂိတ်ကြေးတောင်းခြင်းများ ပိုမို ပြုလုပ်လာသည်ဟု သိရသည်။
သီတာယုမွန် ကိုယ်တိုင်ဦးဆောင်သည့် ပျူစောထီးဆိုသည့်အဖွဲ့သည် မြင်းခြံမြို့အနီးဝန်းကျင်ကျေးရွာများတွင် လှည့်လည်ဆက်ကြေးတောင်းခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံများက ဆိုကြသည်။
မြင်းခြံမြိုအနီး ကျေးရွာတစ်ခုမှ ဒေသခံတစ်ဦးက “အုပ်ကြီးရှိတဲ့ရွာတွေမှာတော့ အုပ်ကြီးကို ဆက်ကြေးကောက်ခိုင်းတယ်။ ပြီးမှသူတို့က လာယူတယ်။ အုပ်ကြီးမရှိတဲ့ ရွာတွေမှာတော့ သူတို့လာရင် အကုန်စစ်ဘေးရှောင်ထွက်ပြေးရတော့ အိမ်တွေကို ဖောက်ထွင်းခိုးယူကြတယ်။ ရနိုင်သမျှ ပစ္စည်း အကုန်ယူကြတယ်။ ဖောကား(မြေသယ်ကား) အဲလိုကားကြီးတွေနဲ့ ရသလောက် ဖောက်ထွင်းခိုးယူကြတာပါ”ဟု သူကြုံတွေ့ရသည်ကို ပြောသည်။
ဇူလိုင်လ ၂၈ ရက်ကလည်း မြင်းခြံမြို့အနီး မြောက်ဘက်အခြမ်း အနိမ့်+ခေါင်းကွဲကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ ဆက်ကြေး သိန်းနှစ်ဆယ်တောင်းခံစဉ် အုပ်ချုပ်ရေးမှူးဇနီးက ပေးစရာမရှိဟု ပြောဆိုသောကြောင့် သီတာယုမွန်က ထိုအမျိုးသမီးအား ပါးရိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ထို့အပြင် ဇူလိုင်လ ၂၉ ရက်ကလည်း မြင်းခြံမြို့နယ် ဂျုပ်ပင်ရွာကို ပျူစောထီးများ ကား ၁၀ စီးကျော်ဖြင့် ရောက်ရှိလာပြီး ရမ်းကားလုယက်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုကြသည်။
သီတာယုမွန် ဦးဆောင်သည့် ပျူစောထီးအဖွဲ့အား မြင်းခြံမြို့ပေါ်မှ စီးပွားရေးလုပ်ငန်းရှင်အားလုံးနီးပါးက လုပ်ငန်းအပေါ် မူတည်ပြီး လစဉ် ဆက်ကြေးပေးဆောင်ကြရသည်ဟု မြင်းခြံစက်မှုဇုန်အတွင်းမှ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက အတည်ပြုပြောသည်။
ထို့အပြင် မြင်းခြံမြို့အနီးဝန်းကျင်ကျေးရွာများအား စစ်ကြောင်းထိုးရာတွင်လည်း ရနိုင်သမျှ အိမ်တွင်းပစ္စည်းများကို ခိုးယူမှုများ ပြုလုပ်နေသည်ဟု သိရသည်။
ပျူစောထီးများအနေဖြင့် မြင်းခြံမြို့ပတ်လည်တွင်လည်း ဂိတ် ရှစ်ခု ဖွင့်လှစ်ထားပြီး ဝင်လာသမျှ ကား၊ ဆိုင်ကယ်များထံမှ ငွေတောင်းခံနေသည်ဟု ကြုံတွေ့ခဲ့ရသည့် ဒေသခံများက ဆိုကြသည်။
ပုံစာ – သီတာယုမွန်ပျူစောထီးအဖွဲ့ဝင်များ
#မြင်းခြံ #လုယက်မှု #ပျူစောထီး #ThanLwinKhetNews