နိုနို
ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးခဲ့တာနဲ့ပတ်သက်လို့ အခုရက်ပိုင်းအတွင်း ပြည်သူတွေကြားမှာ ဝေဖန်မှုမြင့်တက်နေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ဒီရက်ပိုင်းတွေအတွင်းမှာ PLA က စစ်သုံ့ပန်းတွေကို စရိတ်ပေးပြီး ပြန်လွှတ်လိုက်တဲ့ ကိစ္စနဲ့ပတ်သက်လို့ ပြည်သူတွေကြားမှာ ဝေဖန်မှုတွေ မြင့်တက်နေတာနဲ့ပတ်သက်လို့ ဘာများ ပြောလိုပါသလဲ။
ဖြေ။ ။ကျွန်မတို့ ကွန်မြူနစ်ပါတီရဲ့ တပ်ဖြစ်တဲ့ PLA ရဲ့ သုံ့ပန်းဆိုင်ရာမူဝါဒမှာ လက်နက်ချ အညံ့ခံတဲ့ ရန်သူကို မသတ်ရပါဘူး။ ကောင်းမွန်စွာ ဆေးဝါးကုသပေးပြီး မိသားစုဆီ ပြန်ပို့ပေးရပါတယ်။ ပြန်လွှတ်ပေးလိုက်တဲ့ စစ်သား သုံးဦးမှာ တစ်ဦးကလည်း ၁၅ နှစ်ပဲ ရှိသေးတဲ့ ကလေးစစ်သားဖြစ်နေပါတယ်။ စစ်သား လေးယောက်စလုံးက မတရားစစ်မှုထမ်းဥပဒေကြောင့် တပ်ထဲရောက်လာသူတွေဖြစ်နေပါတယ်။ ရဲအရာရှိတစ်ယောက်ကိုလည်း ပြန်လွှတ်ပေးလိုက်ပါတယ်။ စဖမ်းမိတာ စစ်သား လေးဦး၊ ရဲအရာရှိတစ်ဦးပါ။ စစ်သားတစ်ယောက်က ရောဂါကြောင့် သေဆုံးသွားတာပါ။ ပြန်လွှတ်ပေးချိန်မှာလည်း လမ်းစရိတ် တစ်ယောက်ကို တစ်သိန်း (ကျပ်) စီ ပေးလိုက်ပါတယ်။
မေး။ ။ ဟုတ်ကဲ့ပါ။ ဒီလိုဆို နောက်လည်း စစ်ပွဲအတွင်း စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိတာမျိုးရှိလာရင် ပြည်သူတွေ၊ တော်လှန်ရေးအင်အားစုတွေကြားမှာ ဝေဖန်မှုမြင့်တက်နေတဲ့ကြားက တပ်ရဲ့ပေါ်လစီအတိုင်းဘဲ ဆက်သွားဖို့ရှိလားဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ဟုတ်ကဲ့ပါ။ ကျွန်မတို့ ကွန်မြူနစ်ပါတီရဲ့ ပေါ်လစီကလည်း ဒီအတိုင်းပါပဲ။ စစ်သုံ့ပန်းတွေကို စစ်ဆေးမေးမြန်းပြီးသွားလို့ရှိရင် သူတို့ကို နိုင်ငံရေးအရ ပညာပေးဆွေးနွေးပြီးလို့ရှိရင်ပေါ့နော်။ ကျွန်မတို့မှာလည်း ချုပ်နှောင်ထားစရာ နေရာတွေလည်း အခက်အခဲရှိတယ်။ အဲဒီတော့ သူတို့တွေကလည်း မိသားစုနဲ့ပဲ အေးအေးဆေးဆေး ပြန်လုပ်ကိုင်စားသောက်ချင်တယ်။ ဒါကြောင့်ပြန်ပြီးတော့ လွှတ်ပေးလိုက်တာပေါ့နော်။ နောက်နောင်ဆိုလည်း ဒီလိုပဲ ဖြစ်ရမှာပဲ။ ဖမ်းဆီးရမိတဲ့ စစ်သားတွေ၊ အရာရှိတွေကို မသတ်ရဘူးပေါ့နော်။ ကျွန်မတို့ ဒီလိုပဲ ပြန်လွှတ်ပေးရမှာပါ။ ကျွန်မတို့ ကွန်မြူနစ်တွေဟာ အလကားနေရင်း သွေးဆာလို့ တိုက်ပွဲဝင်နေတာ၊ လူသတ်နေတာလည်း မဟုတ်ပါဘူး။ အပြန်အလှန် ဖြစ်လာမှ တိုက်ရမှာပါ။ ဒါပေမယ့် တကယ့်တကယ်ကျ တိုက်ပွဲအတွင်းမှာ ရန်သူက လက်နက်ချ အညံ့ခံလာရင် ကျွန်မတို့က သူတို့ကို ပြန်လွှတ်ပေးရမှာ ဒါနဂိုထဲက မူတွေ၊ စည်းကမ်းတွေ ရှိတယ်။ ဒါရဲ့ သဘောက ဘာလဲဆိုတော့ အကြမ်းဖက်စစ်တပ်အတွက် ဘဝတွေ၊ အသက်တွေ ပေးပြီးတော့ မတိုက်နဲ့။ ကိုယ့်မိသားစုဆီ ပြန်သွား၊ ကိုယ်အသက်ရှင်အောင်နေ၊ ဒီမိုကရက်တစ်အင်အားစုတွေကလည်း တိုက်ချင်လို့ တိုက်နေတာမဟုတ်ဘူး။ စနစ်ပြောင်း၊ ခေတ်ပြောင်းတော်လှန်ရေးအတွက်လတိုက်နေတာ။ ပုဂ္ဂိုလ်ရေးအရ မုန်းလို့လည်း မဟုတ်ဘူး။ ဒီတော့ မင်းအောင်လှိုင်တို့ အုပ်စု အသက်ဆက်ဖို့အတွက် အသက်တွေ၊ ဘဝတွေ ပေးပြီး မတိုက်နဲ့တော့။ ကိုယ့်ဘာသာကို အရပ်သားဘဝနဲ့ လုပ်ကိုင်စားပေါ့ လို့ပဲပြောလိုက်တာပေါ့နော်။ အဓိကကတော့ အဲဒီ မတ်ဆေ့ခ်ျကို ပေးချင်တာ။ ကျန်တဲ့ ရဲတွေ၊ စစ်သားတွေလည်း မင်းအောင်လှိုင်တို့အတွက် အသက်အသေခံပြီး မတိုက်နဲ့၊ လက်နက်ချအညံ့ခံရင် အသက်ရှင်သန်ခွင့် ပေးမယ်ဆိုတဲ့ သတင်းစကား သူတို့တွေကိုပေးချင်တာပါ။ ကျွန်မတို့က သူတို့ကို မုန်းလို့ တိုက်နေတာ မဟုတ်ဘူး။ စနစ်တစ်ခုအရ ပြောင်းချင်လို့ တိုက်နေတာဆိုတော့လေ။ ဒါနိုင်ငံရေးအရတိုက်တဲ့ တိုက်ပွဲတစ်ခုမှာ အင်္ဂါရပ်တစ်ခုအနေနဲ့ သုံးတာပေါ့နော်။ ဒါကိုပြည်သူတွေအနေနဲ့ နားလည်သဘောပေါက်စေချင်တယ်။ ကျန်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့လည်း နားလည်သဘောပေါက်စေချင်ပါတယ်။ AA ၊ MNDAA တို့ ကျန်တဲ့ တပ်ဖွဲ့တွေလည်း ဒီလိုပဲ။ သုံ့ပန်းတွေကို သင့်တော်တဲ့ စစ်ဆေးမေးမြန်းမှုတွေ လုပ်ပြီးသွားရင် ပြန်လွှတ်ပေးတာတွေ ရှိနေတာပဲပေါ့နော်။ ကျွန်မတို့ တပ်ဖွဲ့တစ်ဖွဲ့တည်း လုပ်နေတာ မဟုတ်ပါဘူး။ စစ်ရဲ့ ထုံးစံကတော့ ဒီလိုပဲ လုပ်ရပါတယ်။
မေး။ ။ ပြန်လွှတ်လိုက်တဲ့ တပ်သားတွေက တပ်ကို ပြန်မသွားဘူးလို့ တထစ်ချ မပြောနိုင်ဘူး။ ဒါနဲ့ပတ်သက်ပြီးပြည်သူတွေကြားမှာ ပြောနေတာကတော့ PLA က စစ်သုံ့ပန်းကို စရိတ်ပေးပြီးတောင်မှ တပ်ကို ပြန်ပို့ပေးတယ်ဆိုပြီး ပြောကြတာတွေရှိတယ်ပေါ့နော်။ ဒါနဲ့ပတ်သက်ပြီးလည်း ပြည်သူတွေကို ဘယ်လိုရှင်းပြပေးချင်ပါသလဲ။
ဖြေ။ ။ ကျွန်မတို့ ပြန်လွှတ်ပေးလိုက်တဲ့ လူတွေကပေါ့နော်။ မိဘဆီ ပြန်မရောက်သွားဘဲ သူတို့လစိတ်ဆန္ဒအရဖြစ်စေ၊ ပြန်ပြီးတော့ အဓမ္မ အဖမ်းခံရလို့ပဲဖြစ်စေ တပ်ထဲကို ပြန်ရောက်သွားနိုင်တာ၊ ပြန်တိုက်တာတွေ ရှိနိုင်တယ်။ ပြန်တိုက်လို့ ပြန်ဖမ်းမိရင်လည်း ဒီလိုပဲ။ ပြန်ဆေးကုပေးပြီး ပြန်လွှတ်ပေးရမှာပါ။ ဒါ သုံ့ပန်း ပေါ်လစီအရ ဒီလိုပဲ ကျင့်သုံးရမှာပါ။ အဲဒီအချိန်မှာ သူတို့လက်ထဲလည်း ပိုက်ဆံတစ်ပြားမှ မရှိဘူးပေါ့နော်။ ဒါကြောင့်ကျွန်မတို့က လမ်းစရိတ်တွေ ဘာတွေကတော့ ပေးရမှာပါ။ ကျန်တဲ့ တပ်တွေလည်း ဒီလိုပဲ လုပ်ပါတယ်။ တကယ့်စစ်ဥပဒေ သေချာ လိုက်နာတဲ့လတပ်တွေဆို ဒီလိုပဲ လုပ်ရပါတယ်။ ကျွန်မတို့က အဲဒါကို စံနမူနာပြအနေနဲ့ ကျင့်သုံးပြီးတော့ ဒီလိုပဲ လုပ်မှာပါ။ ကျွန်မတို့ ဒီလိုမျိုးလုပ်တာနဲ့ပတ်သက်ပြီး လူထုက ပြောတယ်ပေါ့နော်။ သူတို့ဆိုရင် ပြန်မလွှတ်ပေးဘူး။ မတရားနှိပ်စက် ညှင်းပန်းပြီးတော့ သတ်ပစ်တယ်။ ငါတို့တော်လှန်ရေးအဖွဲ့တွေက ဘာလို့ လွှတ်ပေးတာလဲ PLA က ဘာလို့ လွှတ်ပေးတာလဲဆိုပြီး ဒေါသတွေဖြစ်ကြတယ်။ လက်မခံနိုင်ကြဘူး။ ဒါပေမယ့် ဒါက ကျွန်မတို့ နိုင်ငံရေးလုပ်ငန်း ကောင်းကောင်း လုပ်ပေးနိုင်လိုက်တဲ့အတွက်ကြောင့် သူတို့တွေထဲမှာ ဒီသတင်းစကားတွေ ပြန့်သွားရင် နောက်ပိုင်းတွေမှာ လက်နက်ချအညံ့ခံတဲ့ လူတွေ ရောက်လာနိုင်တယ်။ ကျန်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီရော PLA ဆီကိုရောပေါ့နော်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ နိုင်ငံရေး လုပ်ငန်းကောင်းကောင်းလုပ်တာပါလို့လပြောချင်ပါတယ်။
မေး။ ။ဟုတ်ကဲ့။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်ဆုံးအနေနဲ့ မေးချင်တာကပ PLA အနေနဲ့ အလယ်ပိုင်းတိုင်းမှာ စစ်ဒေသ ဘယ်လောက်အထိ ဖြန့်ကျက်ထားပြီး ပြည်သူထောက်ခံမှု ဘယ်လောက်အတိုင်းအတာထိရောက်နေပြီလဲရှင့်။
ဖြေ။ ။ မြန်မာပြည်အလယ်ပိုင်းပေါ့နော်။ စစ်ကိုင်းတကြောပေါ့နော်။ ဒီကျွန်မတို့နဲ့ ထိစပ်တဲ့ နေရာတွေမှာ အရင်ကထက်တော့လူထုထောက်ခံမှုတွေ ရလာပါတယ်။ အောင်ပွဲတွေလည်း အရင်ကထက်တော့ ရလာပါတယ်။ ခြေကုပ်ရယူမှုလည်း ပိုရလာပါတယ်။ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း အားကောင်းလာနေပါတယ်။ အဲတော့ ကျွန်မတို့ ရှေ့လျှောက်အကောင်းဆုံး ရှိတဲ့ အင်အားနဲ့ မဟာမိတ်တွေနဲ့ ချိတ်ဆက်ပြီး မြန်မာနိုင်ငံမှာ ရှိတဲ့ ဖိနှိပ်ခံပြည်သူတစ်ရပ်လုံး၊ တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်းစုံ လွတ်လပ်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာပါ။
မေး။ ။ဟုတ်ကဲ့။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
#ကန်ဒေါင့် #စစ်သုံ့ပန်း #PLA #ThanLwinKhetNews