ခင်သရဖီဦး
တိုက်ပွဲများကြောင်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည့် ပုဏ္ဏားကျွန်းမှ စစ်ဘေးရှောင်များမှာ လက်ရှိတွင် ပြင်ပမှ အကူအညီ ရရှိမှုနည်းပါးသည့်အတွက် အခက်အခဲများ ကြုံတွေ့နေကြရသည်ဟု သိရသည်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ၏ စားနပ်ရိက္ခာ ထောက်ပံ့မှုများ ဩဂုတ်လမှ စတင်၍ ရပ်ဆိုင်းမည်ဟု ထုတ်ပြန်ထားသော်လည်း ယင်းအချိန်မတိုင်မီကတည်းကပင် ရခိုင်ပြည်နယ်တွင် အကူအညီများ ရပ်ဆိုင်းပြီး ဖြစ်သည်။
ထို့အပြင် တခြားလူမူအဖွဲ့အစည်းများမှ ယခင်က ထောက်ပံ့ပေးသော်လည်း လက်ရှိတွင် ထိုသို့ လာရောက်လှူဒါန်းသည့် အဖွဲ့များ နည်းပါးလာသည့်အတွက် အခက်အခဲများကြုံနေရခြင်းဖြစ်သည်။ လက်ရှိတွင် စစ်ဘေးရှောင်များအနေဖြင့် တောင်ယာများတွင် ရှာဖွေစားသောက်ရန် အခက်အခဲများလည်း ရှိနေသည်ဟု ဆိုကြသည်။ ပုဏ္ဏားကျွန်းမှ အသက် ၃၀ အရွယ် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက “အလုပ်ကတော့ ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိဘူး။ အရင်းအနှီးကလည်း မရှိဘူး။ ကိုယ့်မှာ ရှိတဲ့ ရွှေတွေကလည်း ရောင်းစားလို့ ကုန်ပြီ။ အခုက ထမင်း၊ ဟင်းတွေဆိုရင်လည်း အစုံပလင် ထည့်ပြီးတော့ မစားနိုင်ဘူး” ဟု ပြောသည်။
ထို့အပြင် စစ်ဘေးရှောင်များမှာ ကျန်းမာရေး မကောင်းလျှင်လည်း ဆေးဝါးကုသနိုင်ခြင်း မရှိသောကြောင့် ဆေးဝါးအကူအညီများ ပေးအပ်ရန် လိုအပ်နေသည်ဟု ၎င်းတို့ကို ကူညီနေသူများထံမှ သိရသည်။ စစ်ဘေးရှောင်ကူညီပေးနေသည့် အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးက “စစ်ဘေးရှောင်တွေကတော့ အကူအညီ မရတာ ကြာပါပြီ။ ဒီဘက်က စစ်ရှောင်တွေလည်း အတူတူပါပဲ။ မိုးရာသီဆိုတော့ ပိုဆိုးတယ်။ အဝတ်အစား၊ ငွေကြေး၊ အသုံးစရိတ်ကအစ ခက်ခဲကြပ်တည်းကြတယ်။ ပိုက်ဆံမရှိတော့ နေမကောင်းရင်လည်း မပြနိုင်တာတွေရှိတယ်။ အကူအညီကတော့ အကုန်လုံးက လိုအပ်နေတာပါ” ဟု ဆိုသည်။
ပုဏ္ဏားကျွန်းမှ စစ်ဘေးရှောင်များမှာ စစ်တွေဘက်ရှိ စစ်ကောင်စီ နေဗီ (ရေတပ်) မှ လက်နက်ကြီးများဖြင့် လှမ်းပစ်ခြင်းကြောင့် မိမိနေရပ်သို့ မပြန်နိုင်သည့်အပြင် တချို့မှာ ကျေးရွာအနီးရှိ တောတောင်များတွင် မိုင်းမရှင်းလင်းနိုင်သေးသည့်အတွက် နေရပ်မပြန်နိုင်ကြခြင်းဖြစ်သည်။
ပုဏ္ဏာကျွန်းရှိ စစ်ရှောင်စခန်းများတွင် စစ်ဘေးရှောင် သုံးသောင်းကျော်ခန့်ရှိနေသည်ဟု စစ်ရှောင်အရေး ကူညီသူများထံမှ သိရသည်။