နန်းဆုပန်ခန့်
မေ ၂၀ ၊ ၂၀၂၃ ။
မိုခါမုန်တိုင်းကြောင့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် လမ်း၊ တံတား၊ ဆည်မြောင်း ၃၀ ကျော် ပျက်စီးခဲ့ရပြီး ၎င်းတို့ကို ပြုပြင်ရန်အတွက် ကျပ်သိန်းပေါင်း တစ်သောင်းဝန်းကျင်ထိကုန်ကျနိုင်မည်ဟု ပုလဲလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ကိုတိုးဝေအောင်က ပြောသည်။
မုန်တိုင်းကြောင့် ပုလဲမြို့နယ်တွင် ရွာချင်းဆက်လမ်း ၂၀ ခု၊ တံတား ၉ စင်း နှင့် ဆည်မြောင်း ၂ ခုတို့ပျက်စီးခဲ့ရသည်။ ထို့ပြင် ကျေးရွာပေါင်း ၃၀ခန့်ရေလွှမ်းမိုးပျက်စီးခဲ့ပြီး ကျေးနင်း၊ မုံကြိုင်း၊ ပန်းရွာ၊ မင်းရွာ၊ နွားကူး၊ သင်တီးကန်၊ အနောက်မင်းမ၊ အရှေ့မင်းမ ၊ ကျေးသများ၊ ပေါက်အင်း၊ သီတင်းရွာတို့မှ သိုလှောင်ထားသော သီးနှံများ၊စိုက်ပျိုးရေးသွင်းအားစုများ၊စားနပ်ရိက္ခာများ စိုက်ပျိုးထားသော နှမ်းခင်း၊ဥယျာဉ်ခင်း ဧကထောင်ချီ ရေလွှမ်းမိုးပျက်စီးခဲ့ရသည်။
” ပြန်လည်ထူထောင်ရေးလုပ်ဖို့က အဓိကကတော့ လမ်းနဲ့တံတားတွေကို အမြန်ဆုံးပြင်နိုင်ဖို့လိုတာပါ။ ကျွန်တော်တို့ဘက်က လမ်းရော၊ တံတားရော၊ ဆည်မြောင်းရော အကုန်ပြင်မယ်ဆိုရင် သိန်း တစ်သောင်းဝန်းကျင်လောက်ကုန်ကျမယ်ပေါ့နော် “ဟု ကိုတိုးဝေအောင်ကပြောသည်။
ပုလဲမြို့နယ်တွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများဖြတ်တောက်ခံထားရသည့်အတွက် ထိခိုက်ပျက်စီးမှုအခြေအနေများကို အများပြည်သူများ သိရှိနိုင်ရန်ဖြန့်ဝေမှုအားနည်းနေသည့်အတွက် အကူအညီများ ရရှိရန်ခက်ခဲနေသည်ဟု သိရသည်။
လက်ရှိတွင် ဒီပုလဲမြို့နယ်၊ လူသားချင်းစာနာထောက်ထားရေးအဖွဲ့ နှင့် သပိတ်ဦးဆောင်သူများက ပျက်စီးမှုစာရင်းများကို ကောက်ယူ၍ NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနထံ တင်ပြ၍ အကူအညီများတောင်းခံသွားမည်ဖြစ်သည်။
“အကူအညီရဖို့အခက်အခဲကတော့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းက ဖြတ်ထားတာ နှစ်နှစ်နီးပါးရှိသွားပြီပေါ့နော်၊၊အခုဆိုရင်ဖုန်းလိုင်းကလည်းခက်ခဲနေတာဖြစ်သလို ကျွန်တော်တို့ဖြစ်ပျက်နေတာတွေကို သတင်းပျံ့နှံ့မှုနှုန်းနည်းတယ်၊၊ နည်းတော့ အလှူရှင်တွေကိုချိတ်ရတာခက်တာပေါ့နော် “ဟု ကိုတိုးဝေအောင်ကပြောသည်။
ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းများ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၂၃၆၃ လုံးပျက်စီးခဲ့သည့်အပြင် မုန်တိုင်းကြောင့် ကျေးရွာများနှင့် စိုက်ခင်းအများအပြားလည်း ပျက်စီးခဲ့ရသည်။
မုန်တိုင်းကြောင့်စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်း မြို့နယ်လေးခုတွင် စိုက်ပျိုးသီးနှံ (စပါး၊ ပဲတီစိမ်း၊ မတ်ပဲနှင့် နှမ်း) ဧကပေါင်း (၄၂,၅၂၇)ဧက ရေလွှမ်းပျက်စီးဆုံးရှုံးခဲ့ပြီး လူဦးရေ (၂၄၅,၉၅၁) ဦးမှာလည်း အမိုးအကာနှင့်အရေးပေါ်စားနပ်ရိက္ခာ လိုအပ်လျက်ရှိသည်ဟု NUGက ဖော်ပြထားသည်။
မိုခါမုန်တိုင်း အရေးပေါ်ကူညီရေးအတွက် အမေရိကန် ဒေါ်လာတစ်သန်း( ကျပ်သိန်းပေါင်း သုံးသောင်းနီးပါး)ထောက်ပံ့ပေးသွားမည်ဟု NUGက ကြေညာထားပြီး မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့အတွက် ကျပ် ၃၅၁သိန်းကျော် (၃၅,၁၅၇,၀၀)ကျပ်ကို ထောက်ပံ့နိုင်ပြီဖြစ်သည်ဟု ယမန်နေ့၌ ဖော်ပြထားသည်။
ပုံစာ–မုန်တိုင်းကြောင့် ပုလဲမြို့နယ်တွင် လမ်း၊တံတား၊ဆည်နှင့် ရိက္ခာများ ပျက်စီးမှု။
***************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1134
YouTube -> https://youtu.be/poskqzhNEsQ
Website -> https://thanlwinkhet.net/?p=4443
Website ->https://eng.thanlwinkhet.net