ဘုန်းမောင်
ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေအတွက်က တစ်နှစ်ထက် တစ်နှစ် ပိုပို တိုးလာနေပါတယ်။ IOM က ထုတ်ပြန်ထားတဲ့ ၂၀၂၅ ခုနှစ်စာရင်းတွေအရ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေအတွက် ၅ ဒဿမ ၂ သန်းကျော်ရှိနေပြီး အများစုကတော့ လယ်ယာစိုက်ပျိုးရေး၊ စားသောက်ဆိုင်၊ ဆောက်လုပ်ရေး၊ အထည်ချုပ်စက်ရုံ စတာတွေမှာ လုပ်ခလစာအနည်းငယ်မျှနဲ့ အလုပ် လုပ်ကိုင်နေကြရပါတယ်။
ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေအတွက် တဖြည်းဖြည်း တိုးလာနေသလို အဲဒီအလုပ်သမားတွေအနေနဲ့ ကျန်းမာရေးဝန်ဆောင်မှုအထောက်အပံ့တွေရဖို့ကလည်း အရေးကြီးနေပြန်ပါတယ်။ ဒါပေမယ့်လည်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု ရဖို့ အတားအဆီး၊ အခက်အခဲများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။
ထိုင်းနိုင်ငံကို ရောက်ရှိနေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ အခက်အခဲပေါင်းစုံ၊ မသေချာ မရေရာမှု ပေါင်းစုံ၊ ဆင်းရဲမွဲတေမှု၊ ခွဲခြားဆက်ဆံခံရမှု၊ မြန်မာပြည်ပြန်ပို့ခံရမှာ ကြောက်ရွံ့မှု စတာတွေနဲ့ ရင်ဆိုင်နေကြရတဲ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ရဲ့ အကန့်အသတ်ရှိမှုတွေကိုပါ ရင်ဆိုင်နေကြရပါတယ်။
၂၀၁၉ ခုနှစ်ကစပြီး မြန်မာနိုင်ငံကို ကိုဗစ် – ၁၉ နဲ့ စစ်အာဏာသိမ်းမှုဆိုတဲ့ အဖြစ်အပျက် နှစ်ခုက လွှမ်းမိုး သွားခဲ့ပါတယ်။ ကိုဗစ် – ၁၉ ကာလအတွင်း နယ်စပ်တွေ ပိတ်ထားခဲ့တဲ့အတွက် မြန်မာ့စီးပွားရေးက စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်းဆောင်တဲ့ မြန်မာစစ်တပ်က နိုင်ငံတော်အာဏာ မတရားသိမ်းယူခဲ့ပြန်တဲ့အတွက် တက်ကြွလှုပ်ရှားသူအများစု ထိုင်းနိုင်ငံကို ထွက်ပြေးခဲ့ကြရပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာတော့ စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း စစ်မှုမထမ်းလိုတဲ့ လူငယ်အများအပြား ထိုင်းနိုင်ငံကို ရောက်လာခဲ့ကြပြန်ပါတယ်။ မြန်မာရွှေ့ပြောင်းတွေဟာ ထိုင်းနိုင်ငံထဲကို တရားဝင်ကော တရားမဝင်နည်းလမ်းတွေနဲ့ပါ ရောက်ရှိလာခဲ့ကြသူတွေပါ။
စစ်ကောင်စီက ပြဋ္ဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ပတ်သက်ပြီး ထိုင်းအတိုက်အခံလွှတ်တော်အမတ် တစ်ဦးဖြစ်တဲ့ ကန်နာဗီ ဆူယက်ဘ် ဆန် – Kannavee Suebsang က “မြန်မာနိုင်ငံသားအများအပြား ထိုင်းနိုင်ငံကို ထွက်ပြေးလာနေကြရတယ်။ သူတို့ဟာ တရားမဝင် ခိုးဝင်နေကြတယ်ဆိုတာထက် တကယ်တော့ သူတို့တွေဟာ သေဘေးက လွတ်မြောက်ဖို့ ထွက်ပြေးနေကြရသူတွေသာဖြစ်တယ်။ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းလို့ ထွက်ပြေးနေကြရတာသာ ဖြစ်တယ်” လို့ ပြောခဲ့ဖူးပါတယ်။
ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းတွေဟာ ထိုင်းကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အတားအဆီးဖြစ်စေတဲ့ ဘဏ္ဍာရေး၊ ဥပဒေနဲ့ ဘာသာစကားဆိုင်ရာ အတားအဆီးတွေကို ရင်ဆိုင်နေကြရပါတယ်။ ထိုင်းနိုင်ငံကိုရောက်ရှိနေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုကို အကန့်အသတ်နဲ့သာ ရရှိနေကြတဲ့အတွက် ငှက်ဖျား၊ တီဘီနဲ့ အမျိုးသမီးရောဂါလို ကျန်းမာရေးဆိုင်ရာပြဿနာတွေကို ပိုပြီး ဆိုးရွာလာစေခဲ့ပါတယ်။ ဒါက ရွှေ့ပြောင်းနေထိုင်သူတွေအတွက်သာမက ထိုင်းကျန်းမာရေးစောင့်ရှောက်မှု စနစ်ကိုလည်း ထိခိုက်စေပြန်ပါတယ်။
ရွှေ့ပြောင်းနေထိုင်မှုနောက်ခံ
ထိုင်းနိုင်ငံအတွက်တော့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက အရေးပါသူတွေ ဖြစ်ကြသလို အရေအတွက် အားဖြင့်လည်း အများဆုံးဖြစ်ကြပါတယ်။ မြန်မာရွှေ့ပြောင်းအများစုဟာ နိုင်ငံတွင်း စီးပွားရေး မတည်ငြိမ်မှု၊ နိုင်ငံရေး ကသောင်းကနင်းဖြစ်မှုနဲ့ တိုင်းရင်းသားပဋိပက္ခ အထူးသဖြင့် စစ်တပ်က အာဏာသိမ်းယူလိုက်တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ထိုင်းနိုင်ငံကို ရောက်ရှိလာခဲ့ကြသူတွေဖြစ်ပါတယ်။ နယ်စပ်တလျှောက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတဲ့ ဒုက္ခသည် ၉၀,၀၀၀ ဝန်းကျင်ရှိနေပြီး ကျန်တဲ့ သန်းနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်းတွေကတော့ ထိုင်းနိုင်ငံတွင်း ရေကြည်ရာ မြက်နုရာဆိုသလို ရွှေ့ပြောင်းရင်း မသေချာ မရေရာတဲ့ အခြေအနေတွေအောက် နေထိုင်နေကြရပါတယ်။ ရွှေ့ပြောင်းနေထိုင်သူ ၁ ဒဿမ ၈ သန်း ဝန်းကျင်ဟာ ပုံမှန်မဟုတ်တဲ့ အခြေအနေအောက်မှာ ရှိနေကြပြီး ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် မရှိမဖြစ် လိုအပ်တဲ့ ဝန်ဆောင်မှုတွေနဲ့ ဝေးရာမှာ နေထိုင်နေကြရပါတယ်။
MoU သဘောတူညီချက် ဒါမှမဟုတ် တရားဝင် လမ်းကြောင်းတွေကနေ ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာကြသူတွေအနေနဲ့ ထိုင်းအစိုးရရဲ့ တရားဝင် အကာအကွယ်ရရှိထားကြပေမယ့် တရားမဝင် လမ်းကြောင်းတွေကနေ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာကြသူတွေကတော့ ကျန်းမာရေးနဲ့ လူမှုရေးဆိုင်ရာကဏ္ဍတွေမှာ သိသာထင်ရှားတဲ့ အတားအဆီးတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
ရွှေ့ပြောင်းတွေနဲ့ ပတ်သက်တဲ့ ထိုင်းနိုင်ငံရဲ့ လက်ရှိကျန်းမာရေးစောင့်ရှောက်မှုစနစ်
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းတွေအပေါ် ထိုင်းအစိုးရရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်က ဘယ်လိုရှိနေသလဲ. . .? ဆိုတာ နားလည်ဖို့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ရဲ့ ကျယ်ပြန့်တဲ့ အခင်းအကျင်းကို ဦးစွာ ဆန်းစစ်ဖို့လိုပါတယ်။ ထိုင်းနိုင်ငံဟာ အစိုးရနဲ့ ပုဂ္ဂလိကဆိုတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွေကို ပိုင်ဆိုင်ထားပေမယ့် အဲဒီကဏ္ဍတွေကလည်း ရွှေ့ပြောင်းတွေအတွက်တော့ စိန်ခေါ်မှုတွေ ရှိနေဆဲပါပဲ။
တရားဝင်အထောက်အထားမရှိခြင်း
ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက်တော့ တရားဝင် အထောက်အထားမရှိခြင်းက အဓိကကျတဲ့ အခက်အခဲ တစ်ခုဖြစ်နေပါတယ်။ ထိုင်းနိုင်ငံရဲ့ ဥပဒေအရဆိုရင်တော့ နိုင်ငံခြားသားအလုပ်သမားတွေဟာ စာရင်းပေးသွင်းရုံနဲ့ ကျန်းမာရေးအာမခံ ရရှိမှာဖြစ်ပေမယ့် တရားမဝင် ဝင်ရောက်လာတဲ့ အလုပ်သမားတွေကတော့ အဲဒီဝန်ဆောင်မှုတွေနဲ့ လွဲချော်နေတုန်းပါပဲ။ အဲဒီရွှေ့ပြောင်းအလုပ်သမားတွေဟာ အများပြည်သူသုံး ဆေးရုံကြီးတွေက ဝန်ဆောင်မှုတွေ မရနိုင်သလို ကုန်ကျစရိတ် ကြီးမားတဲ့ ပုဂ္ဂလိကဆေးရုံတွေ တက်ဖို့ဆိုတာကလည်း မလွယ်ကူပြန်ပါဘူး။
ဘာသာစကားနဲ့ ယဉ်ကျေးမှု မတူညီခြင်း
အရေးကြီးလို့ ဆေးရုံဆေးခန်းသွားပြရမယ်ဆိုရင်တော့ ထိုင်းစကားနဲ့ ရှင်းပြ၊ ပြောပြနိုင်မှ ရောဂါရဲ့ ဇစ်မြစ်ကို ကျကျနန ရှင်းပြနိုင်ပါလိမ့်မယ်။ ဒါပေမယ့် မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုက ထိုင်းစကား မပြောတတ်ကြတဲ့အတွက် ထိုင်းဆရာဝန်တွေနဲ့ ဆွေးနွေးတဲ့အခါမှာ အလွဲအမှားတွေ ဖြစ်ပေါ်လေ့ရှိတတ်ပါတယ်။ ဆေးရုံဆေးခန်း သွားရပြီဆိုရင်တော့ ကိုယ်က ထိုင်းစကား မတတ်ရင်တောင် ဘာသာပြန်ပေးမယ့်သူပါမှ ဆေးကုသမှု မှားယွင်းတာ၊ ဆေးပေးမှားတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ရှောင်ရှားနိုင်ပါလိမ့်မယ်။ (ဆေးရုံဆေးခန်းသွားတဲ့အခါ ထိုင်းစကားပြောတတ်တဲ့ စကားပြန်ခေါ်သွားသင့်ပါတယ်)
ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲ
ထိုင်းနိုင်ငံကို ရောက်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုဟာ အနည်းငယ်မျှသော လုပ်ခ လစာလောက်နဲ့ အလုပ်လုပ်နေကြရသူတွေဖြစ်ပါတယ်။ တစ်လတစ်လရတဲ့ လုပ်ခလစာကို မိသားစုဆီ ပြန်ပို့ပေးရတာ၊ နေထိုင်စားသောက်စရိတ်အတွက် ဖြေရှင်းရတာတွေကြောင့် ဆေးကုဖို့အတွက် သီးသန့်ငွေရယ်လို့ မစုဆောင်းနိုင်ကြပါ။ စုဖို့လည်း မကျန်ပါ။ ဒါကြောင့်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ အသက်ရှင်ဖို့ အရေးပါတဲ့ ဆေးကုသမှုကိုတောင် ထိုက်ထိုက်တန်တန် မခံစားရတာက စိတ်ထိခိုက်စရာ ကောင်းလွန်းတဲ့ အခြေအနေပါပဲ။
လက်လှမ်းမမီနိုင်တဲ့ ထိုင်းပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှု
ထိုင်းနိုင်ငံရဲ့ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုစနစ်က အရည်အသွေးမြင့်ဝန်ဆောင်မှုဆိုပေမယ့် ကုန်ကျစရိတ်ကတော့ ကြီးမားလွန်းပါတယ်။ အထွေထွေရောဂါကုဆရာဝန်တွေနဲ့ တိုင်ပင်ညှိနှိုင်းမှုတွေက ဒေါ်လာ ၃၀ – ၈၀ (ကျပ် ၁၃၄,၁၀၀ – ၃၇၅,၆၀၀) ရှိပြီး အထူးကုတွေနဲ့ တိုင်ပင်ညှိနှိုင်းမှုတွေကတော့ ဒေါ်လာ ၄၅ – ၁၂၀ (ကျပ် ၂၀၁,၁၅၀ – ၅၃၆,၄၀၀) ကုန်ကျနိုင်ပါတယ်။ ဒီကုန်ကျစရိတ်တွေထဲမှာ ဆေးရုံစရိတ်၊ ကုသရေးစရိတ်နဲ့ သယ်ယူပို့ဆောင်ခတွေ မပါဝင်သေးပါဘူး။ လစဉ် ပျမ်းမျှဝင်ငွေ ဒေါ်လာ ၂၉၀ – ၃၂၀ သာ ရရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက်တော့ ထိုင်းပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ရယူဖို့ဆိုတာ လေထဲ ဆောက်တဲ့ အိမ်ပါပဲ။ (မှတ်ချက်။ ၁ ဒေါ်လာကို ၄,၄၇၀ ကျပ်ဖြင့် တွက်ထားသည်)
ထိုင်းနိုင်ငံက အလုပ်ရှင်၊ အစိုးရနဲ့ NGO တွေကြားမှာလည်း ရွှေ့ပြောင်းအလုပ်သမားတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ အစီအစဉ်တွေနဲ့ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်တာမျိုး မရှိသေးပါဘူး။ ဒါကြောင့်လည်း ရွှေ့ပြောင်းအလုပ်သမားတွေဟာ ကျန်းမာရေးဝန်ဆောင်မှုရဖို့အတွက် တစ်ဦးချင်းစီရဲ့ ကြိုးပမ်းမှုတွေအပေါ်ကိုသာ မှီခိုနေရပါတယ်။ ထိုင်းအစိုးရနဲ့ ကုလသမဂ္ဂလို အဖွဲ့အစည်းတွေအကြား ပူးပေါင်း ဆောင်ရွက်မှုတွေက မရှိမဖြစ် လိုအပ်တယ်ဆိုပေမယ့် ပြီးခဲ့တဲ့နှစ်တွေကို ပြန်ကြည့်မယ်ဆိုရင် ညှိနှိုင်း ဆောင်ရွက်တာမျိုး နည်းပါးခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့်လည်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ မြန်မာသံရုံးတို့ ပူးပေါင်းပြီး ရွှေ့ပြောင်းအလုပ်သမားတွေ ကျန်းမာရေး ဝန်ဆောင်မှု ရယူနိုင်ဖို့ ဆောင်ရွက်သင့်တဲ့အပြင် ဆရာဝန်ဘာသာပြန်အဖွဲ့ ဖွဲ့စည်းတာမျိုးလည်း ဆောင်ရွက်ဖို့ လိုပါတယ်။
ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ကြီးကြီးမားမား ရင်ဆိုင်နေရတဲ့ ထိုင်း – မြန်မာနယ်စပ်က တာ့ခ်ခရိုင်
၂၀၂၀ ခုနှစ်ကစလို့ ထိုင်းနိုင်ငံရဲ့ ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်က ဆက်တိုက်ဆိုသလို မြင့်မားလာခဲ့ပြီး ၂၀၂၅ ခုနှစ်မှာတော့ နောက်ထပ် ၁၅ ရာခိုင်နှုန်း တိုးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်မြင့်တက်လာတဲ့အတွက် လုပ်ခလစာနည်းပါးတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ကျန်းမာရေး စောင့်ရှောက်မှုရဖို့ အခွင့်အလမ်း ပိုနည်းပါးသွားရပြန်ပါတယ်။ လုပ်ခလစာ နည်းပါးတာကလည်း အရည်အသွေး ရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကြီးမားတဲ့ ပြဿနာတစ်ရပ်ပါပဲ။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့ စစ်မှုထမ်းဥပဒေကြောင့် ထိုင်း – မြန်မာနယ်စပ်၊ တာခ့်ခရိုင်၊ မဲဆောက်မြို့ကို နေ့စဉ် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားအရေအတွက်က ထောင်နဲ့ချီရှိခဲ့ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု စရိတ်ကြီးမားတဲ့ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု ရဖို့ ဘယ်လို နည်းလမ်းတွေကို ကျင့်သုံးနေကြပါသလဲ. . . . . .?
ဆက်လက်ဖော်ပြပါမည်။
#သတင်းဆောင်းပါး #ThanLwinKhetNews