ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ၊ တပ်မဟာ – ၃၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် လပတ်ကျေးရွာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF မှ အရပ်သားပြည်သူကို တိုက်ခိုက်သတ်ဖြတ်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်ဟု KNU က ဩဂုတ် ၁ တွင် ထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲအတွင်း အရပ်သား ၁၃ ဦး သတ်ဖြတ်ပြီး ၁၅ ဦးဒဏ်ရာရသည်ဟု စစ်ကောင်စီဘက်မှ ဝါဒဖြန့်ထားသည်ဟု ကေအဲန်ယူထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ပွဲအတွင်း ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးက “တခြားအဖွဲ့တွေဝင်သွားတုန်းကလည်း ရွာထဲမှာ မနေဖို့ ပြောတယ်။ သူတို့က PDF တွေ ဝင်လာရင် ပွတ်မယ် ဘာညာနဲ့ ရိုင်းရိုင်းစိုင်းစိုင်း တွေပြောတယ်။ ပြန်စိန်ခေါ်တယ်။ ရွာထိပ်တွေမှာလည်း စစ်ကောင်စီနဲ့ ပြည်သူ့စစ်နဲ့ ကင်းစောင့်တာ။ ပွိုင့်ယူထားတာ။ အခု ဗီဒီယိုထဲက မြင်ရတဲ့သူတွေက တိုက်ပွဲထဲ ပိတ်မိမှာစိုးလို့ ကယ်ထုတ်ပြီး ဆေးကုထားတဲ့သူတွေ။ ပြီးမှ ဘေးလွတ်ရာကို ပို့ပြီး စစ်ကောင်စီဘက်က ပြန်ခေါ်ထားတာ” ဟု ဆိုသည်။
KNU ၏ မြေပြင်စုံစမ်းမှုအရ ထိခိုက်ဒဏ်ရာရရှိသူများသည် စစ်ကောင်စီဘက်မှ ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါ ဝါဒဖြန့်မှုသတင်းကို စစ်ကောင်စီ စစ်ထောက်လှန်းရေးတာဝန်ယူထားသည့် တပ်ရင်း အမှတ် ၆၀၊ ဗိုလ်ကြီး ဇေယျာလင်းမှ စတင်ဖြန့်ဝေခြင်းဖြစ်ပြီး အဆိုပါသတင်းကို သိသိချင်း မြေပြင်စုံစမ်းမှုများလုပ်ခဲ့သည်ဟု ကေအဲန်ယူကဆိုထားသည်။
ကျောက်ကြီးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော လပတ်နှင့် အနီးအနားတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်သား ၁၈ ဦး ပျူစောထီး ၁၄ ဦးအပါအဝင် ၃၂ ဦးသေဆုံးခဲ့သည်ဟု ကေအဲန်ယူက အတည်ပြုသည်။ တော်လှန်ရေးပူးပေါင်းတပ်ဘက်မှလည်း ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။
ကျောက်ကြီးမြို့နယ်ရှိ ရင်းတိုက်ကုန်းကျေးရွာနှင့် လပတ်ကျေးရွာကို တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေး (JOC) အစီအမံဖြင့် ဇူလိုင်လ ၂၄ ရက်တွင် စတင်တိုက်ခိုက်ခဲ့ကာ ၂၅ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ပုံစာ – ကျောက်ကြီးမြို့နယ်၊ လပတ်ကျေးရွာတိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်မှ ဒေသခံပြည်သူများအား ကယ်ထုတ်ထားစဥ် မြင်ကွင်း (ဓာတ်ပုံ – Red Dragon Column နဂါးနီစစ်ကြောင်း)