နှစ်စဉ် ရေကြီးရေလျှံမှု ကြုံတွေ့နေရသည့် မြန်မာနိုင်ငံမှ ပြည်သူ တသိန်းအထိကို အမြန်ဆုံး ကူညီနိုင်ရန် လိုအပ်သည့် စားနပ်ရိက္ခာများအား ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ဩဂုတ် ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
လက်ရှိတွင် နှစ်စဉ် ရေကြီးရေလျှံမှုများကြောင့် မြန်မာနိုင်ငံအနှံ့က လူပေါင်း သုံးသောင်းကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေကြရသည်။ ထို့သို့ ရေးဘေးဒဏ်ခံစားရသည့် ပြည်သူများအား ဒေသခံ လူမှုကူညီရေးးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကနဦး ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ထားပြီးဖြစ်ကာ အသင့်စားသုံးနိုင်သည့် အာဟာရဖြည့် ဘီစကွတ်များလည်း ဖြန့်ဝေထားပြီးဖြစ်သည်ဟု သိရသည်။
ဇူလိုင် ၂၆ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် သောင်ရင်းမြစ်ရေ မြင့်တက်ခြင်းကြောင့် ထိုင်း-မြန်မာနယ်စပ် တလျှောက် နေထိုင်သည့် ပြည်သူများနှင့် မြဝတီမြို့တွင် နေထိုင်သူများမှာ နေအိမ်များကို စွန့်ခွာပြီး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည်။
ထို့အပြင် ရေကြီးရေလျှံမှုများကြောင့် ပြောင်းခင်းများ ရေနစ်မြုပ်ခြင်းများလည်း ကြုံတွေ့ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။ ထို့အပြင် ပင်းတယမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရုတ်တရက် တောင်ကျရေ ကျဆင်းလာခြင်းကြောင့် သိမ်ကုန်းကျေးရွာ၊ ကုန်းစောင်းရွာနှင့် အုံအက်ကျေးရွာတို့တွင် စိုက်ခင်းများ ပျက်စီးသွားပြီး ကလေးငယ် တစ်ဦး အပါအဝင် စုစုပေါင်း ရှစ်ဦး သေဆုံးခဲ့ရသည်။
လက်ရှိအချိန်အထိ ပျောက်ဆုံးနေသူများအား ရှာဖွေနေရဆဲဖြစ်ပြီး နေအိမ် ၁၅ လုံးထက်မနည်း ရေစီးဖြင့် မျောပါသွားခဲ့သည်။ ထို့အပြင် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် စိုက်ခင်းများ ပျက်စီးသွားပြီး ရပ်စောက်နှင့် ပင်းတယမြို့အား ဆက်သွယ်ထားသည့် တံတား သုံးစင်းလည်း ပျက်စီးသွားခဲ့သည်။
ထိုရေဘေးဒဏ်ကြောင့် ဒေသခံ ၃၀၀ နီးပါး နီးစပ်ရာ ဘုန်းကြီးကျောင်းနှင့် ဘေးလွှတ်ရာတို့တွင် ခိုလှုံနေကြရသည်ဟု သိရသည်။