သဇင်
မေ ၂၁၊ ၂၀၂၃။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာချင်းဆက်လမ်းများ ဖျက်ဆီးပြီးနောက် အာရှလမ်းမကြီးကို ထပ်မံဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
၂၀၂၃ ခုနှစ်၊ မေလ ၁၉ရက်နေ့ ည ၇ နာရီခန့်တွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ကင်မွန်းချောင်းကျေးရွာနှင့် ဆောင်နိုင်ကြီးကျေးရွာသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းအား မြေတူးစက်များဖြင့် ဖျက်ဆီးခဲ့သည်။
ယင်းနောက် မေလ ၂၀ရက်၊ ညနေ ၅ နာရီခန့်တွင်စစ်ကောင်စီတပ်မှ ကား ၃ စီး၊ တပ်သားအင်အား ၆၀ခန့် ဖြင့်၁၂၀ မမ လက်နက်ကြီး ယူဆောင်လာကာ ဝင်းကလောကျေးရွာသို့ ဝင်သည့်လမ်းအား လုံခြုံရေးအပြည့်ချကာဘက်ဟိုးစက်ဖြင့် ဖျက်ဆီးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“မနေ့ညနေတုန်းက ဝင်းကလောလမ်းမှာ အင်အား ၆၀ လောက် ဝင်းကလောတံတား အနီးစျေးဆိုင်ရှေ့က ကားလမ်းကို ဘက်ဟိုးနဲ့ တူးပြီးလမ်းကို ဖျက်လိုက်တယ်။ ပြီးမှ ည ၁၁ နာရီလောက်မှ ပြန်ထွက်သွားကြတယ်။“ဟု ၎င်းက ဆိုသည်။
လမ်းများ ပျက်စီးသွားသောကြောင့်ဒေသခံပြည်သူများ အခြားမြေသားလမ်းများကို အသုံးပြုနေရပြီး ကားလမ်းမအားဖြတ်တောက်လိုက်သည့်အတွက် ကုန်စည်စီးဆင်းမှုများ ထိခိုက်လာနိုင်သည်ဟု ၎င်းကဆက်ပြောသည်။
ဖျက်ဆီးခံရသည့်လမ်းမှာ အာရှလမ်းမကြီးဖြစ်ပြီး ကင်မွန်းစခန်း–ကျိုက်ထိုကားလမ်းမကြီးမှ ဝင်းကလောကျေးရွာသို့ဖြတ်ကာ တံတားချောင်း၊ ဆောင်နိုင်ကြီး၊ ကဒိုင်တွတ်၊ မိုးဘောစသည့် ကျေးရွာများသို့ ဆက်သွယ်ထားသည့် အဓိက လမ်းမကြီးတစ်ခု ဖြစ်သည်။
ဘီးလင်းမြို့နယ်သို့ဆက်သွယ်ထားသော လမ်းမကြီးတစ်ခုလည်း ဖြစ်သည်ဟု Kyaikhto Information Team ကထုတ်ပြန်ထားသည်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့များ လာရောက်တိုက်မည်ကို စိုးရိမ်သည့်အတွက်ဖြတ်လေးဖြတ်ကျင့်သုံးကာယခုကဲ့သို့ လမ်းများကိုဖျက်ဆီးနေခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သုံးသပ်သည်။
“သူတို့ ဖြတ်လေးဖြတ်ကို ကျင့်သုံးနေတာကြောင့် ပြည်သူတွေ ထိခိုက်မှုရှိနိုင်သလို ပြည်သူတွေရဲ့ စားဝတ်နေရေးတွေလဲ ထိခိုက်မှုရှိလာနိုင်ပါတယ်။ဖြတ်လေးဖြတ်ကို အသက်သွင်းပြီးတာနဲ့ လေကြောင်းနဲ့ တော်လှန်ရေးရဲဘော်တွေအပေါ် ထိုးစစ်ဆင်တာတွေလဲ လုပ်လာနိုင်ပါတယ်“ဟု ပြောသည်။
မေလ ၁၄ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကရင်ပြည်နယ်ရှိ လမ်းတချို့ကို ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်။
***************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1142
YouTube -> https://youtu.be/1zvy3BjIqAs
Website -> https://thanlwinkhet.net/?p=4454
Website ->https://eng.thanlwinkhet.net