ဘုန်းမောင်
ထိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်း ထိုင်းနိုင်ငံသားတွေအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို တိုးချဲ့အသုံးပြုလာနိုင်ခဲ့ပြီး ထင်မှတ်မထားတဲ့ အောင်မြင်မှုတွေလည်း ရခဲ့ပါတယ်။ လက်ရှိအချိန်မှာ ထိုင်းနိုင်ငံသားအားလုံးဟာ ၂၀၀၂ ခုနှစ် အမျိုးသားကျန်းမာရေးလုံခြုံမှုဆိုင်ရာအက်ဥပဒေအရ ကွဲပြားခြားနားတဲ့ ကျန်းမာရေးဆိုင်ရာအကာအကွယ်အစီအစဉ်တွေအောက်မှာ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု ရရှိနိုင်ပြီဖြစ်ပေမယ့် ထိုင်းနိုင်ငံမှာ နေထိုင်နေကြတဲ့ ရွှေ့ပြောင်းတွေနဲ့ သူတို့အပေါ် မှီခိုနေရတဲ့ မိသားစုဝင်တွေအတွက်တော့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရရှိနိုင်ဖို့က ပိုကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသေးတုန်းပါပဲ။
“ဘာအထောက်အထား၊ ဘာလက်မှတ်မှ မရှိဘူးဆိုရင်တော့ ထိုင်းဆေးရုံတွေက အာမခံပိုက်ဆံ အရင် တောင်းတယ်။ ဘတ် ၃၀,၀၀၀၊ ၄၀,၀၀၀ တောင်းတယ်။ အဲဒါရမှ ဆေးရုံက ဆေးဆက်ကုပေးတယ်။ ထိုင်းအစိုးရအနေနဲ့တော့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် သီးသန့်ပေါ့။ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတာမျိုး မရှိဘူး” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မဲဆောက်မြို့မှာ နေထိုင်နေသူ အသက် ၃၅ နှစ် ဝန်းကျင်အရွယ် မြန်မာအမျိုးသား တစ်ဦးက ပြောပါတယ်။
ထိုင်းအစိုးရရဲ့ ကျန်းမာရေးစနစ်တွေနဲ့ လက်လှမ်းမမီနိုင်ဖြစ်နေပြီး တရားဝင် အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ M – Fund (Migrant Fund) လို့ခေါ်တဲ့ ကျန်းမာရေးဆေးပဒေသာပင်နဲ့ မယ်တော်ဆေးခန်းကို အားကိုးအားထားပြုနိုင်တယ်လို့လည်း အဲဒီအမျိုးသားက ဖြည့်စွက်ပြောဆိုခဲ့ပါသေးတယ်။
M – Fund (Migrant Fund) ဆိုတာ ဘာလဲ. . . . .?
M – Fund လို့ ခေါ်လေ့ရှိတဲ့ ကျန်းမာရေးဆေးပဒေသာပင်ဟာ ရွှေ့ပြောင်းနေထိုင်သူတွေ၊ နိုင်ငံမဲ့တွေနဲ့ နယ်စပ်ဒေသတွေမှာ နေထိုင်ကြတဲ့ ဆင်းရဲနွမ်းပါးသူတွေအတွက် ကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ် မယူတဲ့ ရပ်ရွာကျန်းမာရေးရန်ပုံငွေတစ်ခုဖြစ်ပါတယ်။ M – Fund အသင်းဝင်ထားသူတွေအနေနဲ့ ဆေးရုံ ဆေးခန်းသွားဖို့ လိုအပ်တဲ့အခါ M – Fund ကွန်ရက်ထဲက ဆေးရုံဆေးခန်းပေါင်း ၂၀၀ ကျော်ထဲက အဆင်ပြေရာ ဆေးရုံဆေးခန်းတစ်ခုကို သွားရောက်ပြီး ဆေးကုသမှု ခံယူနိုင်ပါတယ်။ QR ကုဒ်ပြပြီး သတ်မှတ်ထားတဲ့ ပမာဏအတိုင်း ဝန်ဆောင်မှုတွေ ရယူနိုင်ပါတယ်။ ကုန်ကျစရိတ်အတွက် သက်ဆိုင်ရာ ဆေးရုံဆေးခန်းတွေကို M – Fund က ငွေပေးချေသွားပါလိမ့်မယ်။
M – Fund အသင်းဝင်ထားတဲ့ အသက် ၅၀ အောက် နေကောင်းကျန်းမာတဲ့ အဖွဲ့ဝင်တွေဟာ တစ်လကို ဘတ် ၁၃၀၊ အသက် ၅၀ အထက် နေကောင်းကျန်းမာတဲ့ အဖွဲ့ဝင်တွေဟာ တစ်လကို ဘတ် ၂၃၀၊ နာတာရှည်ရောဂါသည်တွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကတော့ တစ်လကို ဘတ် ၃၃၀ စသဖြင့် လစဉ် ထည့်ဝင်ရပါတယ်။
လက်ရှိအချိန်အထိ ရွှေ့ပြောင်းနေထိုင်သူ ၉၀,၀၀၀ ကျော်ဟာ မိမိတို့ဆန္ဒအရ M – Fund အသင်းဝင်ခဲ့ကြပါတယ်။ M – Fund အနေနဲ့လည်း လက်ရှိအချိန်အထိ ဆေးခန်းပြသမှုပေါင်း ၁၄၈,၀၀၀ ကြိမ်နဲ့ ဆေးရုံတက်ကုသမှုပေါင်း ၁၈,၀၀၀ ကြိမ်ကို အကုန်အကျခံပြီး ဝန်ဆောင်မှုတွေ ပေးခဲ့ပါတယ်။ M – Fund အသင်းဝင်ထားသူတွေဟာ ဆေးရုံနဲ့ ဆေးခန်းပေါင်း ၂၅၁ ခုမှာ အရည်အသွေးမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ပါတယ်။
M – Fund ကို ဘယ်သူတွေ အများဆုံးအသုံးပြုကြသလဲ. . . . .?
M – Fund ကို အများဆုံး အသုံးပြုလေ့ရှိကြသူတွေကတော့ ကိုယ်ဝန်ဆောင်မိခင်တွေပါ။ လက်ရှိအချိန်မှာတော့ M – Fund အသင်းဝင် ၉၀,၀၀၀ မှာ အမျိုးသမီးပါဝင်နှုန်းက ၆၄ ရာခိုင်နှုန်းရှိနေပါတယ်။
“M – Fund လုပ်ထားရင် အရေးပေါ်ခွဲမွေးရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အဆင်ပြေတယ်”လို့ ထိုင်း – မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာနေထိုင်ပြီး လွန်ခဲ့တဲ့လအနည်းကမှကလေးမီးဖွားခဲ့တဲ့ မိခင် ၁ ဦးကပြောပါ တယ်။ အပြင်ဆေးရုံဆေးခန်းတွေမှာ ခွဲမွေးမယ်ဆိုရင် ဘတ် ၃၀,၀၀၀ ဝန်းကျင် ကုန်ကျမှာဖြစ်ပေမယ့် M – Fund ရှိထားတဲ့အတွက် အဆင်ပြေသွားတယ်လို့လည်း သူမက ဆိုပါတယ်။
ထိုင်းအစိုးရရဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိကြတဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေအတွက်တော့ M – Fund က ကန္တာရထဲက အိုအေစစ်ပါပဲ။ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ M – Fund က ပေးတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအပေါ် မှီခိုနေကြရပါတယ်။ လက်ရှိအချိန်မှာတော့ M – Fund ဟာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်အောင် ထိုင်းအစိုးရရဲ့ ရည်မှန်းချက်တွေနဲ့အညီ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေပါတယ်။
အကျိုးကျေးဇူးနဲ့ ကန့်သတ်ချက်များ
M – Fund အသင်းဝင်ထားသူတွေ ရယူနိုင်တဲ့ အကျိုးခံစားခွင့်ကတော့ တစ်နှစ်အတွင်း ဘတ် ၅၀,၀၀၀ ကို ကျန်းမာရေးစောင့်ရှောက်မှုအတွက် အသုံးပြုနိုင်တာပါ။ ပြင်ပလူနာအဖြစ် စမ်းသပ်စစ်ဆေးမှုခံယူမယ်ဆိုရင် ဘတ် ၅,၀၀၀ အသုံးပြုနိုင်ပြီး အတွင်းလူနာအဖြစ် ဆေးရုံတက်ကုသမယ်ဆိုရင်တော့ ဘတ် ၄၅,၀၀၀ အသုံးပြုနိုင်ပါတယ်။ ထိုင်း – မြန်မာနယ်စပ်ဒေသတွေမှာ တရားမဝင် နေထိုင်နေကြပြီး ထိုင်းအစိုးရရဲ့ ကျန်းမာရေးအစီအစဉ်မှာ အကျုံးမဝင်သူတွေအတွက် M – Fund က ရွေးချယ်စရာတစ်ခုဆိုပေမယ့် M – Fund မှာလည်း ကန့်သတ်ချက်တွေက ရှိနေပြန်ပါတယ်။
ကုန်ကျစရိတ် များနိုင်တဲ့ ခွဲစိတ်ကုသမှုမျိုးတွေနဲ့ ရေရှည်ကုသဖို့ လိုအပ်တဲ့ ရောဂါမျိုးတွေကိုတော့ M – Fund က အပြည့်အဝ အကူအညီပေးနိုင်မှာ မဟုတ်ပါ။ အထူးကုသမှုခံယူရမယ့် ဆေးကုသမှုတွေအတွက် M – Fund ရဲ့ အထောက်အပံ့က နည်းတာကြောင့် လူနာတွေအတွက် မလုံလောက်နိုင်ပါဘူး။ ဒါက M – Fund ရဲ့ ပထမ ကန့်သတ်ချက်ဖြစ်ပါတယ်။
M – Fund ပရောဂျက်ကို ထိုင်း – မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ စတင်ခဲ့ပြီး နောက်ပိုင်းမှာတော့ မဲရမတ်၊ ဖုတ်ဖရ စတဲ့ နေရာတွေအထိ တိုးချဲ့ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း ဥဘွန် ရတ်ချတ်တနီ – Ubon Ratchathani နဲ့ ထရပ် – Trat ပြည်နယ်တွေမှာပါ M – Fund ရဲ့ လုပ်ငန်းလည်ပတ်မှုဧရိယာကို တိုးချဲ့ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ M – Fund ဟာ ထိုင်းနိုင်ငံရဲ့ ခရိုင်တွေ ဖြစ်ကြတဲ့ တာ့ခ် – Tak၊ ကန်ချနဘူရီ – Kanchanaburi၊ စကယောက်- Sa Kaeo၊ ချင်းရိုင် – Chiang Rai၊ ဥဘွန် ရတ်ချတ်တနီ – Ubon Ratchathani၊ ထရပ် – Trat နဲ့ မယ်ဟောင်ဆောင် – Mae Hong Son တို့အပြင် မြန်မာနိုင်ငံ၊ မြဝတီမြို့ (ရွှေကုက္ကိုလ်) နဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်းပက် – Poipet မြို့အပါအဝင် ထိုင်းနိုင်ငံရဲ့ ဒေသ တော်တော်များများမှာ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေပါတယ်။
ထိုင်းအစိုးရရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ အကျုံးမဝင်သူတွေအတွက် M – Fund က ကျန်းမာရေး အာမခံရဖို့ ကြိုးစားပေးနေတယ်ဆိုပေမယ့် M – Fund ရဲ့ အစီအစဉ်တွေဟာ နယ်ပယ်တချို့မှာသာ အကျုံးဝင်ပါသေးတယ်။ M – Fund ဟာ ထိုင်းနိုင်ငံထဲမှာ ရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ တရားဝင် အထောက်အထား မရှိသူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးဖို့ ရည်ရွယ်ထားပေမယ့် လက်ရှိအကောင်အထည်ဖော်နေတာက နယ်စပ်ဒေသတွေဖြစ်တဲ့ တာ့ခ်၊ ကန်ချနဘူရီနဲ့ စကယောက်လိုဒေသတွေမှာသာ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပြီး M – Fund ဝန်ဆောင်မှုကို ထိုင်းတစ်နိုင်ငံလုံး အတိုင်းအတာနဲ့တော့ အသုံးမပြုနိုင်သေးပါဘူး။ တကယ် လိုအပ်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဆီ မပျံ့နှံ့နိုင်သေးတာကလည်း M – Fund ရဲ့ ဒုတိယ ကန့်သတ်ချက်လို့ ဆိုရပါလိမ့်မယ်။
မယ်တော်ဆေးခန်း
မယ်တော်ဆေးခန်းကို ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလမှာ ဒေါက်တာစင်သီယာမောင်နဲ့ ကျောင်းသားလူငယ်အဖွဲ့ တစ်ဖွဲ့က ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့မှာ တည်ထောင်ခဲ့ပါတယ်။ မယ်တော်ဆေးခန်းဟာ စစ်ဘေး စစ်ဒဏ်ကြောင့် မြန်မာနိုင်ငံက ထွက်ပြေးလာခဲ့ကြသူတွေကို စောင့်ရှောက်မှုပေးနေတဲ့ ဆေးခန်းလည်း ဖြစ်ပါတယ်။ စတင်တည်ထောင်ခါစတုန်းက ဆေးပစ္စည်းကိရိယာတွေနဲ့ ငွေကြေးပြည့်စုံမှုမရှိခဲ့တဲ့ မယ်တော် ဆေးခန်းဟာ နှစ်ပေါင်း ၃၀ ကျော်လာပြီးနောက်မှာတော့ ပြီးပြည့်စုံတဲ့ လူထုကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေတဲ့ ဆေးခန်းတစ်ခုဖြစ်လာခဲ့ပြီ ထိုင်း – မြန်မာနယ်စပ်နှစ်ဖက်စလုံးက ဆေးခန်းတွေ၊ စာသင်ကျောင်းတွေ၊ ကျေးရွာတွေ၊ စက်ရုံတွေ၊ ဒုက္ခသည်စခန်းတွေ၊ မြို့ပြဆင်ခြေဖုံးရပ်ကွက်တွေမှာ ဝန်ဆောင်မှုပေးနေတဲ့ ကျန်းမာရေးလုပ်သားပေါင်း ၃,၀၀၀ ကျော် မွေးထုတ်ပေးနိုင်ခဲ့တဲ့ သင်တန်းနေရာတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ မယ်တော်ဆေးခန်းရဲ့ နှစ်စဉ် လူနာဦးရေက ၁၀၀,၀၀၀ ကျော်ရှိနေပြီး နေ့စဉ်လူနာ အရေအတွက်ကတော့ ၃၀၀ ကနေ ၄၂၀ အထိ ရှိနေပါတယ်။ လူနာထက်ဝက်က ဒေသတွင်းမှာ ရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေဖြစ်ကြပြီး ကျန်တဲ့ ထက်ဝက်ဝန်းကျင်ကတော့ မြန်မာပြည်ကနေ ဆေးကုသမှု လာရောက်ခံယူကြသူတွေဖြစ်ကြပါတယ်။
မယ်တော်ဆေးခန်းက လတ်တလောဖြစ်ပေါ်နေတဲ့ ရောဂါတွေအပြင် နာတာရှည်ရောဂါတွေကိုပါ ကုသမှုပေးနေပါတယ်။ ထိုင်းနိုင်ငံ အထူးသဖြင့် မဲဆောက်မြို့ကို ရောက်ရှိလာတဲ့ ရွှေ့ပြောင်းတွေအတွက် မယ်တော်ဆေးခန်းက မရှိမဖြစ် လိုအပ်ချက်တစ်ခုလည်းဖြစ်လို့နေပါတယ်။ ဒါပေမယ့်လည်း မယ်တော်ဆေးခန်းရဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေက မဲဆောက်တစ်မြို့တည်းမှာသာရှိနေပြီး ထိုင်းနိုင်ငံတစ်ဝှမ်းက ရွှေ့ပြောင်းအလုပ်သမားတွေ အားလုံးကိုတော့ အလုံးစုံ ခြုံငုံနိုင်စွမ်း မရှိသေးပါဘူး။ သို့သော် ဘာမှမရှိတာထက်စာရင်တော့ မယ်တော်ဆေးခန်းရဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေက ကျေးဇူးတင်ထိုက်တဲ့ ဝန်ဆောင်မှုပါပဲ။
လူ့ဘောင်အပေါ် သက်ရောက်မှုကြီးမားတဲ့ ကျန်းမာရေးပြဿနာ
မိခင်နိုင်ငံကို စွန့်ခွာပြီး တိုင်းတစ်ပါးရောက်နေကြသူတွေအဖို့တော့ မိသားစုနဲ့ ကွေကွင်းရခြင်း၊ လုံခြုံရေးအတွက် စိတ်ပူပန်ရခြင်းနဲ့ လုပ်ငန်းခွင်အတွင်း ဖိအားတွေကြောင့် စိတ်ဖိစီးမှုများစွာနဲ့ ကြုံတွေ့ရလေ့ရှိပါတယ်။ ဒါပေမယ့်လည်း ထိုင်းနိုင်ငံကို ရောက်နေကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက်ကတော့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအထောက်အပံ့စနစ်တွေက အားနည်းနေတုန်းပါပဲ။
တရားဝင် အထောက်အထားနဲ့ နေထိုင်ကြသူတွေဟာ ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ ကျန်းမာရေးအာမခံ စနစ်အမျိုးမျိုးကို ဝယ်ယူနိုင်ပေမယ့် အထောက်အထားမဲ့သူတွေကတော့ အားကိုးရာမဲ့နေဆဲပါပဲ။
ထိုင်းနိုင်ငံအတွက် ဈေးပေါတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းစီးပွားရေးအတွက် အရေးပါတဲ့ အင်အားစုဖြစ်ပေမယ့် တရားဝင်အထောက်အထားမရှိတာ တစ်ခုတည်းကြောင့် ကျန်းမာရေး ဝန်ဆောင်မှုတွေကနေ ကင်းဝေးနေကြရပါတယ်။ ထိုင်းအစိုးရအနေနဲ့လည်း တရားဝင်အထောက်အထား ဆိုတာထက် လူသားတစ်ယောက်အတွက် မရှိမဖြစ် လိုအပ်တဲ့ ကျန်းမာရေးကဏ္ဍကို ဦးစားပေး ဆောင်ရွက်သင့်ပါတယ်။ ဒီလို ဆောင်ရွက်နိုင်ဖို့ဆိုတာကလည်း ပြုပြင်ပြောင်းလဲသင့်တဲ့ မူဝါဒတွေကို ဦးစားပေးပြောင်းလဲဖို့ လိုပါတယ်။
အလုပ်ရှင်၊ အစိုးရအဖွဲ့အစည်းတွေနဲ့ NGO တွေအကြား စနစ်ကျတဲ့ ညှိနှိုင်းမှုမျိုး လိုအပ်သလို ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ မြန်မာသံရုံးတို့ ပူးပေါင်းပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကျန်းမာရေးအတွက် ရှင်းလင်းပြတ်သားတဲ့ ပေါင်းကူးဆောင်ရွက်မှုတွေ ဖော်ဆောင်ဖို့ လိုအပ်တဲ့အပြင် လူအခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတွေရဲ့ အကူအညီတွေနဲ့ ဆေးရုံဆေးခန်းတွေမှာ မြန်မာဘာသာနဲ့ ကူညီလမ်းညွှန်ပေးနိုင်တဲ့ ဝန်ထမ်းတွေ ခန့်အပ်ထားရှိဖို့ လိုအပ်ပါတယ်။
ထိုင်းနိုင်ငံကို ရောက်ရှိနေကြတဲ့ အထောက်အထားမဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ကျန်းမာရေးအတွက် စနစ်တကျဝန်ဆောင်မှုကို မရနိုင်ခြင်းက လူ့ဘောင်အပေါ် သက်ရောက်မှု ကြီးမားပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပြဿနာဆိုတာက လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ ပြဿနာတစ်ရပ်ဖြစ်တဲ့ အပြင် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကုန်ထုတ်လုပ်နိုင်စွမ်းနဲ့လည်း တိုက်ရိုက်အချိုးကျနေပြန်ပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင်တော့ နိုင်ငံရေးဆိုင်ရာအကူအညီ၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကူညီ ပံ့ပိုးမှုတွေအပြင် ထိုင်းနိုင်ငံသားတွေရဲ့ နားလည်မှု၊ လက်ခံမှုစတာတွေကလည်း အရေးကြီးပါကြောင်း စာရေးသူရဲ့ အမြင်ကို တင်ပြအပ်ပါတယ်။
#မြန်မာရွေ့ပြောင်း #သတင်းဆောင်းပါး #ThanLwinKhetNews