ဘုန်းမောင်
လားရှိုးမြို့သည် ၂၀၂၅ ခုနှစ် ဧပြီလအတွင်း စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ သေနတ်တစ်ချက်မဖောက်ဘဲ ထိုသို့ပြန်ပေးလိုက်ရခြင်းက မြန်မာ့တော်လှန်ရေးနှင့်အတူ မြန်မာနိုင်ငံရှိ စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှုများအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့် မဟာဗျူဟာပိုင်းဆိုင်ရာအပေါ် ကြီးမားသော အပြောင်းအလဲတစ်ရပ်ဖြစ်စေခဲ့ပါသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” အတွင်း လားရှိုးမြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်နိုင်ခဲ့ခြင်းက နိုင်ငံတဝှမ်းရှိ စစ်ကောင်စီတော်လှန်ရေးအင်အားစုများကို စိတ်အားထက်သန်မှု မြင့်တက်လာစေခဲ့သည်။
တော်လှန်ရေးတပ်များသည် လားရှိုးမြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းနှင့်အတူ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် – ရမခ ကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယာယီသမ္မတအဖြစ် တာဝန်ယူပြီး ၃ ရက်အကြာတွင် ရမခ ကို တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့သဖြင့် သမိုင်းဝင်အောင်ပွဲဖြစ်သည်ဟု MNDAA က ကြေညာခဲ့သည်။
သို့သော် လားရှိုးမြို့ကို ပြန်ပေးလိုက်ရခြင်းက စစ်ရေးအောင်မြင်မှုများကိုသာမက အတိုက်အခံ လှုပ်ရှားမှုများအတွင်း စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေခဲ့သည့်အပြင် နိုင်ငံတကာအသိအမှတ်ပြုမှုနှင့် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုများအပေါ်တွင်ပါ ကြီးမားသော အကျိုးသက်ရောက်မှုများ ရှိခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့များက လားရှိုးမြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ကြာရှည်မထိန်းချုပ်နိုင်ခဲ့မှုက အားနည်းချက်တစ်ခုဖြစ်ခဲ့ရသည်။
လားရှိုးကဲ့သို့သော မြို့ကြီးတစ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ခြင်းက တော်လှန်ရေး တပ်ဖွဲ့များအတွင်း စိတ်ဓာတ်မြှင့်တင်ရေးပိုင်းအတွက် အရေးကြီးသော်လည်း အချိန်ခဏလေးအတွင်း ပြန်လည် ဆုံးရှုံးလိုက်ရခြင်းကလည်း တော်လှန်ရေးတပ်ဖွဲ့များအပေါ် လူထုယုံကြည်မှုကို ထိခိုက်စေခဲ့ပါသည်။ ထို့အပြင် စစ်ရေးအောင်မြင်မှုကို ကြာရှည်မထိန်းသိမ်းနိုင်ခြင်းကလည်း ပြည်သူများအကြား “တော်လှန်ရေးတပ်ဖွဲ့များသည် တာဝန်ယူနိုင်မှုမရှိ” ဆိုသည့် ထင်မြင်ယူဆချက်မျိုးကို ဖြစ်ပေါ်စေနိုင်သည်။
တော်လှန်ရေးတပ်ဖွဲ့များ၏ အနာဂတ်ရလဒ်များတွင် တော်လှန်ရေးတပ်ဖွဲ့များအပေါ် ပြည်သူလူထု၏ ယုံကြည်မှုက အရေးအပါဆုံးဖြစ်သည်။မြို့ပြများကို သိမ်းယူနိုင်ခြင်းကြောင့် ပြည်သူလူထု၏ ယုံကြည်မှု တိုးလာစေသော်လည်း ပြန်လည်ဆုံးရှုံးရခြင်းကလည်း ယုံကြည်မှုကို ပျက်ပြားစေပါသည်။ ထို့ကြောင့်လည်း တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ရေးအောင်မြင်မှုများအား နယ်မြေထိန်းချုပ်မှု၊ ပြည်သူ့အုပ်ချုပ်ရေး တည်ဆောက်မှုနှင့် တာဝန်ယူမှုရှိမှုတို့ဖြင့် ထိန်းသိမ်းသင့်ပါသည်။
လားရှိုးမြို့ကို သိမ်းပိုက်နိုင်ခြင်းက နိုင်ငံတကာအာရုံစူးစိုက်မှုများ ရစေခဲ့သော်လည်း ပြန်လည် ပေးအပ်လိုက်ရခြင်းကြောင့်လည်း နိုင်ငံတကာ၏ ယုံကြည်မှုကို လျော့နည်းစေပါသည်။ မြန်မာနိုင်ငံရှိ တော်လှန်ရေးတပ်ဖွဲ့များသည် တည်ငြိမ်မှု မရှိ၊ သဘောထားပြောင်းလွယ်ပြင်လွယ်သော အဖွဲ့များဖြစ်သည်ဟု တချို့သော ဒေသတွင်းနိုင်ငံများက သံသယထားလာစေနိုင်ပါသည်။ အဆိုပါသဘောထားသည် နိုင်ငံတကာ၏ ငြိမ်းချမ်းရေး ညှိနှိုင်းမှုများတွင် တော်လှန်ရေးအဖွဲ့များ၏ တက်ကြွလှုပ်ရှားမှုကို ထိခိုက်စေနိုင်ပါသည်။
တိုင်းရင်းသားတပ်ဖွဲ့များကို ရှေ့တန်းတင်ထားသော နိုင်ငံများအနေဖြင့်လည်း လားရှိုးပြန်ပေးလိုက်ရခြင်းအပေါ် သဘောထားပြောင်းလဲနိုင်ပြီး ရှေ့ဆက်ထောက်ပံ့မှုများအတွက် တွေးတောစရာများဖြစ်လာနိုင်ပါသည်။
လားရှိုးမြို့အား ပြန်ပေးလိုက်ရခြင်းက မြန်မာစစ်ကောင်စီ၏ စစ်ရေးအောင်မြင်မှုဖြစ်သော်လည်း အတိုက်အခံ အင်အားစုများ၊ အထူးသဖြင့် ရှမ်းပြည်နယ်အတွင်းရှိ ပူးပေါင်းတပ်များအပေါ် စစ်ရေးမှသည် နိုင်ငံရေး အပြောင်းအလဲအထိ ထိခိုက်မှုအများအပြားရှိလာနိုင်ပါသည်။ ထို့အပြင် မဟာမိတ် ၃ ဖွဲ့အကြား ယုံကြည်မှု နည်းပါးလာမှု၊ စစ်ဆင်ရေးပိုင်းဆိုင်ရာ ညှိနှိုင်းမှုများတွင် အားနည်းလာမှုများကိုပါ ဖော်ပြနေပါသည်။ (ယခု ဆောင်းပါး ရေးသားနေချိန်မှာတော့ စစ်ကောင်စီက နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်သွားနိုင်ခဲ့ပြီလည်း ဖြစ်သည်) လားရှိုးမြို့ကို ပြန်ပေးလိုက်ရချိန်မှာပဲ အာရက္ခတပ်တော် – AA က ရခိုင်ပြည်နယ်တွင် စစ်ရေး အောင်မြင်မှုများရရှိခဲ့ပါသည်။ တစ်ဖွဲ့က အောင်မြင်နေပြီး တစ်ဖွဲ့က ဆုံးရှုံးနေရခြင်းက ယုံကြည်မှု ယိမ်းယိုင်ခြင်းကို ပိုမိုဖြစ်ပေါ်စေသည်။
စစ်ကောင်စီ၏ အတိုက်အခံအဖွဲ့များသည် ပြည်သူလူထုထောက်ခံမှုကို အခြေခံပြီး တော်လှန်ရေး ရည်မှန်းချက်များ အောင်မြင်အောင် ဆောင်ရွက်နေကြရသည်။ ညီနောင်မဟာမိတ် ၃ ဖွဲ့ထိန်းချုပ်နယ်မြေများတွင် သက်ဆိုင်ရာအစိုးရဖွဲ့စည်းမှုများ စတင်နေပြီးသားလည်းဖြစ်သည်။ လားရှိုး ပြန်ပေးလိုက်ရမှုက ဒေသခံ ပြည်သူများအကြား စိုးရိမ်စိတ်များ ဖြစ်ပေါ်စေကာ အထူးသဖြင့် ထိုသို့ပြန်လည်ပေးအပ်လိုက်ရမှုသည် အဖွဲ့အစည်းများအပေါ် ပြည်သူလူထုယုံကြည်မှု ကျဆင်းသွားစေခဲ့ပါသည်။ “ငါတို့ နိုင်မှ နိုင်ပါ့မလား” ဆိုသော ခံစားချက်က ပြည်သူတချို့တွင် အမှန်တကယ် ရှိနေပြီလည်းဖြစ်သည်။ ထို့ကြောင့်လည်း အတိုက်အခံများ အနေဖြင့် စစ်ရေးမဟာဗျူဟာကို ပြန်လည်စဉ်းစားချိန်တန်ပြီလည်းဖြစ်သည်။
တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ဒေသတွင်းလူထုထောက်ခံမှု ရရှိရန်၊ တိုးတက်သော မဟာဗျူဟာတစ်ရပ် ဖန်တီးရန်အပြင် နည်းပညာနှင့် ဒရုန်းသုံးစွဲမှုများကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့ လိုအပ်နေသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့်လည်း မိမိတို့ ထိန်းသိမ်းထားသော မြို့များတွင် ပြည်သူ့အကျိုးအတွက် အခြေခံအဆောက်အဦများ ပြန်လည်တည်ဆောက်ခြင်းတို့အပါအဝင် လူထုယုံကြည်မှု ပြန်လည် တည်ဆောက်ရေးက စစ်အောင်နိုင်ရေးထက် ပိုပြီး အရေးကြီးနေပါသည်။
ထို့ကြောင့်လည်း အချင်းချင်းကြား ယုံကြည်မှုတည်ဆောက်မှု၊ မဟာဗျူဟာပြောင်းလဲမှုနှင့် ပြည်သူ့ထောက်ခံမှု တည်တံ့မှုတို့အား ထပ်မံသုံးသပ်ရန် လိုအပ်လာနေသည်။ တော်လှန်ရေးအောင်မြင်မှုဆိုသည်က မိမိတို့ဒေသတစ်ခုတည်း လွတ်မြောက်ရေးအတွက်သာ မဟုတ်ဘဲ မဟာဗျူဟာတစ်ခုလုံး အကျုံးဝင်မှုနှင့် ပြည်သူလူထု ပါဝင်မှုအပေါ် အခြေခံရမည်သာဖြစ်ပေတော့သည်။