ကောင်းချစ်အောင်
မေ ၁၈၊ ၂၀၂၃။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်ကောင်စီသည် စစ်လက်နက်နှင့် ကုန်ကြမ်းပစ္စည်းများ ဝယ်ယူရေးအတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံခန့် (ကျပ်ဘီလီယံ ၃၀၀၀ နီးပါး) သုံးစွဲခဲ့သည်ဟု “The Billion Dollar Death Trade”အမည်ရ အစီရင်ခံစာအရသိရသည်။
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖြစ်စေသည့် ကန်ဒေါ်လာဘီလီယံနှင့်ချီ လက်နက်ကုန်သွယ်မှုအချက်အလက်များ ပါဝင်သည့် “The Billion Dollar Death Trade”အမည်ရ အစီရင်ခံစာတစ်ရပ်ကို မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုသမဂ္ဂအထူးသံအရာရှိဖြစ်သူ Tom Andrews က ယမန်နေ့တွင် တွစ်တာ၌ဖော်ပြထားသည်။
အဆိုပါအစီရင်ခံစာအရ မြန်မာစစ်တပ်ကို ရုရှား၊ တရုတ်၊ စင်ကာပူ၊ အိန္ဒိယ၊ ထိုင်း ငါးနိုင်ငံက စစ်လက်နက်ပစ္စည်းများ ရောင်းချခဲ့ပြီး စုစုပေါင်းတန်ဖိုးပမာဏမှာ အမေရိကန်ဒေါ်လာ ၉၄၇ သန်းခန့်ရှိသည်ဟု သိရသည်။
မြန်မာစစ်တပ်အနေဖြင့် စစ်လက်နက်နှင့် ဆက်စပ်ကုန်ကြမ်းပစ္စည်းများဝယ်ယူရာတွင် ရုရှားထံမှ ကန်ဒေါ်လာ၄၀၆သန်း၊ တရုတ်ထံမှ ကန်ဒေါ်လာ ၂၆၇သန်း၊ စင်ကာပူမှ ကန်ဒေါ်လာ ၂၅၄သန်း၊ အိန္ဒိယမှ ကန်ဒေါ်လာ ၅၁သန်းနှင့် ထိုင်းမှ ကန်ဒေါ်လာ ၂၈သန်းဖိုး အသီးသီးဝယ်ယူခဲ့ခြင်းဖြစ်သည်။
ရုရှားနှင့်တရုတ်မှ စစ်ဘက်သုံးရဟတ်ယာဉ်နှင့် တိုက်လေယာဉ်များ အဓိကဝယ်ယူခဲ့ပြီး ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)စက်ရုံများအတွက် ကုန်ကြမ်းပစ္စည်းများဝယ်ယူစုဆောင်းခဲ့သည်ဟုဆိုသည်။
ရုရှားထုတ် Mi 35 ရဟတ်ယာဉ်များ၊ MiG-29 တိုက်လေယာဉ်များ၊ YAK-130 တိုက်လေယာဉ်များနှင့် တရုတ်ထုတ်K-8တိုက်လေယာဉ်များဝယ်ယူခဲ့သည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။
တရုတ်နိုင်ငံထုတ် A-5ဗုံးကြဲလေယာဉ်များ၏ နေရာအစားထိုးရန် စစ်ကောင်စီက YAK-130 လေယာဉ် ၁၂စီးခန့်ဝယ်ယူခဲ့ပြီး တော်လှန်ရေးအင်အားစုများကိုတိုက်ခိုက်ရာတွင် Mi 35နှင့် Mi 17ရဟတ်ယာဉ်များကို အဓိကအသုံးပြုခဲ့သည်ဟု CDM လေတပ်အရာရှိတစ်ဦးကဆိုသည်။
“ပြီးခဲ့တဲ့ လေတပ် ၇၅နှစ်ပြည့်မှာတော့ SU-30 ခြောက်စီးနဲ့ FTC2000G ခြောက်စီး အသစ်တိုး တပ်တော်ဝင်ထားတာတော့တွေ့ရတယ် Su-30တစ်စီးကို ဒေါ်လာသန်းသုံးဆယ်လောက်ရှိတယ်လို့သိရတယ်“ဟုဆိုသည်။
အသစ်ဝယ်ယူထားသည့် SU-30 တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကို ယခုလအတွင်း၌ ရှမ်း–ကယားနယ်စပ်တစ်နေရာတွင် ပထမဆုံးပြုလုပ်ခဲ့သည်။
ယခုနှစ် ဧပြီ ၁၁ရက်နေ့က YAK-130 တိုက်လေယာဉ်အသုံးပြုကာ ၂၅၀ကီလို ဗုံးနှစ်လုံးဖြင့် ပဇီကြီးကျေးရွာအားတိုက်ခိုက်ခဲ့ပြီး လူ၁၆၀ခန့်သေဆုံးခဲ့ရမှုသည် စစ်ကောင်စီ၏ လူမျိုးတုံးသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုမြောက်သည့် လုပ်ရပ်တစ်ခုဖြစ်သည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။
စစ်ကောင်စီအနေဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲလာခဲ့ပြီး ၂၀၂၁ခုနှစ်တွင် ကျပ်ဘီလီယံ ၁၇၀၀ခန့်၊ ၂၀၂၂ခုနှစ်တွင် ကျပ်ဘီလီယံ ၃၇၀၀ခန့် နှင့် ၂၀၂၃ခုနှစ်အတွက် ကျပ်ဘီလီယံ၅၆၀၀ ကျော် ဘတ်ဂျက်သုံးထားခြင်းဖြစ်သည်။
Photo-CINCDS
ပုံစာ–လေတပ်၇၅နှစ်ပြည့်အခမ်းအနားတွင် အာဏာသိမ်းစစ်ခေါင်းဆောင်ကို တပ်တော်ဝင် စစ်သုံးရဟတ်ယာဉ်နှင့်အတူတွေ့ရမှု။
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1108
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4382
Website ->https://eng.thanlwinkhet.net